
နေပြည်တော် အောက်တိုဘာ ၁၃
၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Max Hotel ၌ ကျင်းပရာ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက် ရောက် အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ UN, INGO,NGOs နှင့် CSO များ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ယခုအခမ်းအနားများကို ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်မှစ၍ ယိုဂိုမူဘောင် (၂၀၀၅-၂၀၁၅)၊ ဆန်ဒိုင်းမူဘောင် (၂၀၁၅-၂၀၃၀) တို့ပါ ပန်းတိုင်များ၊ ဦးတည်ကဏ္ဍများနှင့် လုပ်ငန်း နယ်ပယ်များအပေါ် နှစ်စဉ် ဦးစားပေးကဏ္ဍများ ရွေးချယ်သတ်မှတ် အကောင်အထည်ဖော်ကာ ဆောင်ပုဒ်များ ချမှတ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း။
ကြိုတင်သတိပေးမှုစနစ်များ ခိုင်မာအားကောင်းရေး
ယခု ၂၀၂၂ ခုနှစ်တွင် ဆန်ဒိုင်းမူဘောင် ပန်းတိုင် (၇) (Target-G) ဖြစ်သည့် “ဘေးအန္တရာယ်ပေါင်းစုံ အတွက် ကြိုတင်သတိပေးစနစ်များနှင့် ဘေးအန္တရာယ် ဆိုင်ရာ သတင်းအချက်အလက်များ၊ အကဲဖြတ်မှု များကို လူတိုင်းရယူအသုံးချနိုင်မှုအား သိသိသာသာ တိုးမြှင့်ဆောင်ရွက်သွားရန်” ဟူသည့် ရည်မှန်းချက် နှင့်အညီ ကြိုတင်သတိပေးမှုစနစ်များ ခိုင်မာ အားကောင်းရေးနှင့် ကြိုတင်ပြင်ဆင်မှု၊ ကြိုတင် ဆောင်ရွက်မှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင် ရွက်နိုင်စေရန် “Early Warning and Early Action for all” ကို ယခုနှစ်ဆောင်ပုဒ်အဖြစ် သတ်မှတ် ထားကြောင်း၊ “ကြိုတင်သတိပေး ထုတ်ပြန်ချက် ဆောလျင်ဆောင်ရွက်အားလုံးအတွက်”ဟု ဆိုနိုင် ကြောင်း။
ယခုဆောင်ပုဒ်သည် သဘာဝဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး လုပ်ငန်းစဉ် များမှ ကြိုတင်သတိပေးစနစ်၏ အရေးပါမှုနှင့် “ကြိုတင်ပြင်ဆင်၊ အောင်ပွဲဝင်” ဆိုသည့်အတိုင်း ဘေးအန္တရာယ်ထိခိုက်ခံရမှုများ လျော့နည်းသက်သာ စေရန် ကြိုတင်သတိပေးချက်များအပေါ် မူတည်၍ ကဏ္ဍအလိုက် လုပ်ဆောင်ရမည့် လုပ်ငန်းများကို မြန်ဆန်မှန်ကန်စွာ ချက်ချင်းသိ- ချက်ချင်းဆောင် ရွက်ကြရန် နှိုးဆော်တိုက်တွန်းထားကြောင်း။
သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်လျှင် ကြိုတင်ပြင်ဆင်မှုနှင့် အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ အစီအမံများ စဉ်ဆက်မပြတ်ပြုလုပ်နေရန်၊ အမြဲတမ်း နိုးနိုးကြားကြားရှိနေရန်နှင့် အမြဲအသင့် ဖြစ်နေရန် လိုအပ်ကြောင်း။
ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်တွင် ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးစနစ်သည် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့်အတွက် ယခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဘာလီ၌ ကျင်းပခဲ့သည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချ ရေး ကမ္ဘာလုံးဆိုင်ရာ ညီလာခံတွင် ဘေးမျိုးစုံအတွက် ပြည်သူဗဟိုပြု ကြိုတင်သတိပေးစနစ် ခိုင်မာအား ကောင်းရေး၊ ဘေးအန္တရာယ်ဆိုင်ရာ စာရင်းဇယား အချက်အလက်မှန်ကန်ရေး၊ ငွေကြေးအရင်းအမြစ် စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်စီမံအုပ်ချုပ်မှု ထိရောက် အကျိုးရှိရေးတို့ကို အဓိကဦးစားပေး ဆွေးနွေးခဲ့ ကြကြောင်း။
အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန်လိုအပ်
ထို့ကြောင့် ယခုနှစ် ဆောင်ပုဒ်ကိုကြည့်မည် ဆိုလျှင် ကြိုတင်သတိပေးစနစ်များ ခိုင်မာအားကောင်း အောင် ဆောင်ရွက်မှုနှင့်အတူ ကြိုတင်သတိပေးချက် များအပေါ် မူတည်၍ လိုအပ်သည့် စီမံခန့်ခွဲ ဆောင်ရွက်ချက်များကို အချိန်နှင့်တစ်ပြေးညီ စနစ် တကျဆောင်ရွက်ရန် လိုအပ်ကြောင်း။
ကြိုတင်သတိပေးစနစ်များ အကောင်အထည် ဖော်နိုင်ရေးအတွက် ဆန်ဒိုင်းမူဘောင် ဦးစားပေး လုပ်ငန်းကဏ္ဍ (၄) ခုမှ ဦးစားပေးကဏ္ဍ (၄) ၏ အောက်တွင် ဘေးအန္တရာယ် စောင့်ကြည့်မှုဆိုင်ရာ ဆက်သွယ်ပြန်ကြားမှုစနစ်များနှင့် လူမှုဆက်သွယ် ရေး နည်းပညာများ၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေနှင့် အရေးပေါ်ဆက်သွယ်ရေး လုပ်ငန်းစဉ်များ၊ ဘေးအန္တရာယ်ပေါင်းစုံကို ကဏ္ဍ ပေါင်းစုံမှ လူထုဗဟိုပြု ကြိုတင်ခန့်မှန်းခြင်းနှင့် ကြိုတင်သတိပေးခြင်းစနစ်များ တိုးတက်မြင့်မား လာစေရန် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ကြရေးနှင့် အဆိုပါစနစ်များ တိုးတက်လာရေးအတွက် အများ ပြည်သူပူးပေါင်းပါဝင်သည့် လမ်းစဉ်ဖော်ဆောင်ကြ ရေး၊ အသုံးပြုသူများ၏ လိုအပ်ချက်နှင့်ကိုက်ညီအောင် စီမံရန်၊ ကြိုတင်သတိပေးခြင်း ဆောင်ရွက်ရာတွင် ရိုးရှင်းလွယ်ကူပြီး ကုန်ကျစရိတ်သက်သာသည့် စက် ကိရိယာ ပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ အသုံးချနိုင်မှုကို မြှင့်တင်ရန်၊ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးချက်များ ထုတ်လွှင့်ပေးနိုင်မည့် မီဒီယာအစီအစဉ်များ ကျယ်ပြန့်စွာ ဖြစ်ပေါ်လာရန် တိုးမြှင့်ဆောင်ရွက်ရေးကို ထည့်သွင်းရေးဆွဲဖော်ပြ ထားကြောင်း။
ကြိုတင်သတိပေးစနစ်များ ဆောင်ရွက်ထား
ကမ္ဘာတစ်ဝန်း ကြိုတင်သတိပေးစနစ်များ ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ဆန်ဒိုင်း မူဘောင် အကောင်အထည်ဖော်မှု စောင့်ကြည့် လေ့လာချက်အရ ၂၀၂၂ ခုနှစ် ဧပြီလအထိ ကမ္ဘာ့ နိုင်ငံ (၉၅) နိုင်ငံတွင် ဘေးမျိုးစုံအတွက် ကြိုတင် သတိပေးစနစ် Multi-Hazard Early Warning Systems(MHEWS) များကို ဆောင်ရွက်ထားပြီး ဖြစ်သည်ကို သိရကြောင်း။
မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်ဖြစ်ပွားနိုင်ခြေနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ မြင့်မားသော နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေး စနစ်များ အားကောင်းရန် အထူးလိုအပ်ကြောင်း၊ အဓိကအားဖြင့် သဘာဝဘေး ဖြစ်ပွားသည့်အခါ ပထမဆုံး ရင်ဆိုင်တုံ့ပြန်မှုပြုကြရသည့် ဒေသခံလူထု အဆင့်အထိ ရောက်ရှိနိုင်မည့် လူထုဗဟိုပြု ကြိုတင်သတိပေးစနစ်များ တည်ဆောက်ပြီး ခိုင်မာ အားကောင်းအောင် ဆောင်ရွက်နိုင်မှသာ ဘေး အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းမည် ဖြစ်ကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ သတင်းအချက်အလက်များ ကြိုတင်ခန့်မှန်း ခြင်း၊ အသိပေးထုတ်ပြန်ခြင်းကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလမ်းညွှန် မှုအောက်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနက အဓိကတာဝန်ယူ၍ သက်ဆိုင်ရာနယ်မြေ ဒေသအရောက် ဖြန့်ဝေခြင်းကို အုပ်ချုပ်မှုဆိုင်ရာ လမ်းကြောင်းများမှ အဆင့်ဆင့်ပေးပို့ခြင်း၊ နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် အများပြည်သူကို အသိပေး ခြင်း စသည့်နည်းလမ်းများဖြင့် ဆောင်ရွက်နေ ကြောင်း၊ ထို့ပြင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက် သည့် ကြိုတင်သတိပေးချက်များ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန်-ရှောင်ရန်များ၊ ဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးမှုများကို မိုဘိုင်း ဖုန်းမှတစ်ဆင့် ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ လွယ်ကူလျင်မြန်စွာ ရောက်ရှိနိုင်ရန် Myanmar Disaster Alert(MDA) မိုဘိုင်း Application ကို ဆောင်ရွက်ပြီးစီးပြီဖြစ်၍ မကြာမီအချိန်အတွင်း မိုဘိုင်ဖုန်းမှတစ်ဆင့် သဘာဝဘေးအန္တရာယ်နှင့်
ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ သိသင့်သိထိုက် သည်များ သိရှိနိုင်တော့မည်ဖြစ်ကြောင်းကိုလည်း သတင်းကောင်းပါးအပ်ပါကြောင်း။
သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းများ၏ အခြေခံအုတ်မြစ်သည် ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကြိုတင်သတိပေးချက်များကို အချိန်နှင့် တစ်ပြေးညီ ရရှိမှသာ ဘေးကျရောက်နိုင်သည့် ဒေသနေလူထုအနေဖြင့် လူတစ်ဦး တစ်ယောက်ချင်း စီအလိုက်၊ မိသားစုအလိုက် လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများ၊ ပြောင်းရွှေ့မှုများ ဆောင်ရွက်နိုင်မည် ဖြစ်သကဲ့သို့ စီမံခန့်ခွဲဆောင်ရွက်ပေးရမည့် တာဝန် ရှိသူများအနေဖြင့် လိုအပ်သည့် စီမံမှုများကို စနစ် တကျဖြင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ကြ ပြီး ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့နည်းသက်သာမည်ဖြစ်ကြောင်း။
ထို့ပြင် သဘာဝဘေးစီမံခန့်ခွဲမှု နယ်ပယ်အလိုက် စီမံခန့်ခွဲဆောင်ရွက်ကြရာတွင် အနာဂတ်ကာလတွင် ဖြစ်လာနိုင်မည့်ဘေးများကို တွက်ဆပြီး ကြိုတင် ပြင်ဆင်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်နေကြ သည်ကို တွေ့နိုင်ကြောင်း။
စီမံဆောင်ရွက်မှုများကို လုပ်ဆောင်ကြရမည်
သဘာဝဘေးအန္တရာယ်များသည့် အဓိက အားဖြင့် ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုဖြစ်စဉ်များ ပြောင်းလဲမှုများနှင့်အများဆုံးဆက်စပ်ဖြစ်ပွားခြင်း ကြောင့် အဆိုပါကိစ္စရပ်များပေါ် မပြတ်လေ့လာပြီး မိမိတို့နိုင်ငံအပေါ် သက်ရောက်နိုင်ခြေနှင့် မိမိ တို့၏ အရင်းအမြစ်များအပေါ်မူတည်၍ လိုအပ်သည့် စီမံဆောင်ရွက်မှုများကို လုပ်ဆောင်ကြရမည်ဖြစ် ကြောင်း။
ရာသီဥတုပြောင်းလဲမှုဆိုင်ရာစာရင်းဇယားများ နှင့် ကိန်းဂဏန်း အချက်အလက်များအရ ၂၁၀၀ ပြည့်နှစ်တွင် ကမ္ဘာ့ပျမ်းမျှအပူချိန်သည် (၄) ဒီဂရီ ဖာရင်ဟိုက်မှ (၇) ဒီဂရီဖာရင်ဟိုက်အထိ ပိုမိုလာနိုင် ကြောင်းနှင့် ပင်လယ်ရေမျက်နှာပြင်သည် (၂၈ စင်တီ မီတာမှ ၉၇ စင်တီမီတာအထိ) မြင့်တက်လာနိုင် ကြောင်း၊ မုန်တိုင်းနှင့် ဒီရေလှိုင်း အများအပြား ဖြစ်ပေါ်နိုင်ကြောင်း၊ မိုးခေါင်ရေရှားဒေသများ ပိုမို ခြောက်သွေ့လာနိုင်ပြီး မိုးရွာသွန်းလေ့ရှိသည့် ဒေသ များတွင် မိုးရွာသွန်းမှု ပိုမိုများပြားနိုင်ကြောင်း၊ ကာဗွန်ထုတ်လွှတ်မှုပမာဏ ပိုမိုများပြားလာပြီး ပင်လယ်သမုဒ္ဒရာများ၌ အက်ဆစ်ဖြစ်ထွန်းမှုပိုမို လာနိုင်ကြောင်း၊ ကမ္ဘာတစ်ဝန်းထုတ်ပြန်သည့် အစီရင် ခံစာများတွင် လေ့လာတွေ့ရှိနိုင်မည်ဖြစ်ကြောင်း။
Intergovernmental Panel on Climate Change- IPCC ၏ ဆဋ္ဌမအကြိမ် အစီရင်ခံစာတွင် ရာသီဥတုပြောင်းလဲမှု ဆိုးကျိုးသည် မျှော်မှန်းထား ခြင်းထက် ပိုမိုကျယ်ပြန့်ပြီး ပိုမိုဆိုးရွားပြင်းထန် ကြောင်း၊ အနာဂတ်ကာလများတွင် ရာသီဥတု ပြောင်းလဲခြင်း၏ ဆိုးကျိုးကို ပိုမိုခံစားကြရမည်ဖြစ် ကြောင်း၊ အပူချိန်မြင့်တက်မှုများကြောင့် ထိခိုက် ခံစားရမှုများ မလွဲမသွေရှိမည်ဖြစ်ကြောင်းနှင့် ရာသီ ဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေ နေထိုင်ရေး အရေးကြီးသည်ကို ဖော်ပြထားကြောင်း။
ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ကမ္ဘာ တစ်ဝန်း ကြီးမားပြင်းထန်သည့် သဘာဝဘေးများ ဖြစ်ပွားခဲ့သကဲ့သို့ မြန်မာနိုင်ငံ၌လည်း ပြီးခဲ့သည့် (၁၈) လတာ ကာလအတွင်း မီးဘေး (၇၄၈) ကြိမ်၊ ရေဘေး (၁၆၁) ကြိမ်၊ လေဘေး (၁၅၀၂) ကြိမ်၊ မြေငလျင်အပါအဝင် အခြားဘေး (၁၁၇၈) ကြိမ်၊ စုစုပေါင်း အကြိမ် (၃၅၈၉) ကြိမ်ထိ ဖြစ်ပွားခဲ့ပြီး ဘေးသင့်လူဦးရေ (၁၅) သိန်းကျော်ကို နိုင်ငံတော် က ငွေကျပ်သန်းပေါင်း ၃၆၄၇ သန်းကျော် ထောက်ပံ့ ပေးခဲ့ကြောင်း။
မိမိတို့နိုင်ငံသည် Intergovernmental Panel on Climate Change အစီရင်ခံစာအရ ကမ္ဘာလုံး ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို ထိခိုက်ခံစားလွယ် သည့် နိုင်ငံများအနက် တတိယအဆင့်တွင် ရှိနေ သည့် နိုင်ငံဖြစ်၍ သဘာဝဘေးအန္တရာယ်များ လျှော့ချနိုင်ရန်၊ ဘေးအန္တရာယ်ကို စနစ်တကျတုံ့ပြန် ရန်နှင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် သဘာဝဘေး ကြိုတင်သတိပေးချက်များနှင့် လိုအပ်သည့် စီမံ ခန့်ခွဲမှုများ အချိတ်အဆက်မိမိနှင့် အချိန်ကိုက် ဆောင်ရွက်နိုင်မှုသည် အဓိကကျသည့် ကဏ္ဍမှ ပါဝင်နေကြောင်း။
ပူးပေါင်းဆောင်ရွက်မှု အားကောင်းရန်လိုအပ်
ထို့ကြောင့် သဘာဝဘေး ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းများ၌ အမျိုးသားကော်မတီ အောက်တွင် ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီ များ၊ ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်မှု အားကောင်းရန် လိုအပ်သကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ် သဘာဝဘေးစီမံခန့်ခွဲမှု အဖွဲ့များအနေ ဖြင့်လည်း သက်ဆိုင်ရာအစိုးရမဟုတ်သော အဖွဲ့ အစည်းများ၊ ရပ်ရွာအခြေပြု လူမှုရေးအသင်းအဖွဲ့ များစသည့် အဖွဲ့အစည်းအသီးသီးနှင့် ချိတ်ဆက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု နှင့် ပုဂ္ဂလိကကဏ္ဍများ စနစ်တကျ ပူးပေါင်း ဆောင်ရွက်ကြမည်ဆိုလျှင် အသက်ဆုံးရှုံးရခြင်း၊ အခြေခံ အဆောက်အအုံ ထိခိုက်ပျက်စီးရခြင်း၊ စီးပွားရေး ဆုံးရှုံးရခြင်းများ လျော့နည်းသွားမည် ဖြစ်ကြောင်း။
သဘာဝဘေးစီမံခန့်ခွဲမှုကို ထိရောက်မြန်ဆန် စွာနှင့် ကဏ္ဍအလိုက် စနစ်တကျဆောင်ရွက်နိုင် ရေးအတွက် ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန် ပေးခဲ့ပြီးဖြစ်သကဲ့သို့ မြန်မာနိုင်ငံ သဘာဝဘေး စီမံ ခန့်ခွဲမှုဆိုင်ရာ တည်မြဲအမိန့်-၂၀၂၂ ကိုလည်း မကြာမီ က အတည်ပြုထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း။
သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရာတွင် ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးချက်များ ထုတ်ပြန်ခြင်း၊ ကြိုတင် သတိပေးချက်များအပေါ် အခြေခံ၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်ခြင်းနှင့် ရွှေ့ပြောင်းခြင်းစသည်တို့ အပါအဝင် ဆောင်ရွက်ရမည့် တုံ့ပြန်မှုလုပ်ငန်းများကို စနစ်တကျ အချိန်ကိုက်ဆောင်ရွက်ရန် သဘာဝဘေး ကြိုတင်သတိပေးသည့်စနစ် ခိုင်မာအားကောင်းရေး ပြည်သူလူထုပါဝင်သည့် ပြည်သူဗဟိုပြုသဘာဝဘေး ကြိုတင်သတိပေးသည့်စနစ်ကို တည်ဆောက်နိုင် ရေး၊ သတိပေးချက်များနှင့်အညီ ဆောင်ရွက်ရမည့် လုပ်ငန်းများကို အတိအကျ လိုက်နာကြရေးသည် အရေးကြီးကြောင်း။
မိမိနိုင်ငံ၏ ရေမြေသဘာဝ၊ အရင်းအမြစ်၊ အတွေ့အကြုံတို့အပေါ်အခြေခံ၍ အာဆီယံနိုင်ငံများ သာမက နိုင်ငံတကာနှင့်လည်း စဉ်ဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်ရန်၊ အပြည်ပြည်ဆိုင်ရာ မူဘောင်နှင့် သဘောတူညီချက်များကို လိုက်နာရန်၊ ခေတ်နှင့်အညီ တိုးတက်နေသည့် နည်းပညာများကို လည်း မျက်ခြည်မပြတ် လေ့လာအသုံးပြုဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှသာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ ကို လျှော့ချနိုင်မည်ဖြစ်ပြီး ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော လူမှုစီးပွားဘဝများကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂဘေးအန္တရာယ် ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာဌာန အကြီးအကဲ (Head of UNDRR), Ms. Mami Mizutori ၏ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ သတင်းစကား ဗီဒီယို ကို ပြသသည်။
ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချ ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
မှတ်တမ်းဗီဒီယိုပြသ
ထို့နောက် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုကို ပြသသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက် ပြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ ပြခန်းများနှင့် သဘာဝဘေးကူညီကယ်ဆယ် ရေးဆိုင်ရာ ပစ္စည်းများကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်