
ယခုအခါ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကူးစက်ပြန့်ပွားမှုသည် ပြည်တွင်းကူးစက်မှုများ ပိုမိုများပြားလာလျက်ရှိရာ အမြို့မြို့အနယ်နယ်၌ ကြိုတင်ကာကွယ်ရေးအစီအမံများ အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ပြည်သူတစ်ရပ်လုံးအနေဖြင့်လည်း ရောဂါကူးစက်မှု မဖြစ်ပွားရေး အတွက် ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်လျက်ရှိပါသည်။ မြို့နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး ဆောင်ရွက်မှုများကို ဖော်ပြလိုက်ပါသည်။
ပျော်ဘွယ်မြို့ အာယုသုခ အောက်ဆီဂျင်စက်ရုံလည်ပတ်နေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကြည့်ရှု
ပျော်ဘွယ် အောက်တိုဘာ ၄
ပျော်ဘွယ်မြို့၌ တည်ဆောက်ခဲ့သည့် အာယုသုခအောက်ဆီဂျင် စက်ရုံလည်ပတ် နေမှု အခြေအနေများကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့က အောက်တိုဘာ ၃ ရက်တွင် ရွှေပြည် ရန်အောင်ရပ်ကွက် အိုးအိမ်ဝန်ထမ်းအိမ်ရာ အနီးရှိ အဆိုပါစက်ရုံအတွင်း၌ ကြည့်ရှု စစ်ဆေးသည်။ (ယာပုံ)
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့သည် အောက်ဆီဂျင်စက် လည်ပတ်နေမှုအခြေအနေများ၊ မြို့နယ် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ အောက်ဆီဂျင်ထုတ်ပေးနေမှုများနှင့် သန့်ရှင်း သာယာလှပရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုသည်။
အာယုသုခ အောက်ဆီဂျင်စက်ရုံသည် မြို့နယ်ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံ လေးခုတို့အတွက် အောက်ဆီဂျင်ကို အခမဲ့ ထောက်ပံ့မှုပေးနေပြီး လုပ်ငန်းရှင်များ လာရောက်ဝယ်ယူပါက လီတာ ၄၀ ဆံ့ အောက်ဆီဂျင် တစ်လုံးလျှင် ငွေကျပ် ၅၀၀၀ ဖြင့် ပြန်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ မင်းမင်းထွေး(ပျော်ဘွယ်)
အုတ်တွင်းမြို့နယ် ဟင်းငုပ်ပင်ဂိတ်၌ နှာခေါင်းစည်းကမ်ပိန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်
အုတ်တွင်း အောက်တိုဘာ ၄
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေး နှာခေါင်းစည်းကမ်ပိန်း ပြုလုပ်ခြင်းကို ရန်ကုန်- မန္တလေးသွားလမ်း အုတ်တွင်းမြို့အထွက် ဟင်းငုပ်ပင်ဂိတ်နေရာ၌ အောက်တိုဘာ ၃ ရက်က အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီ၏ဦးဆောင်မှုဖြင့် အဖွဲ့ဝင်(၁)ဗိုလ်မှူးမြင့်ဇော်၊ အဖွဲ့ဝင်(၂)ဦးတင်ယုနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ အုတ်တွင်း မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက် များကို ဆက်လက်လိုက်နာဆောင်ရွက်ရန် လိုအပ်သည့်အတွက် လူစည်ကားရာနေရာများတွင် အသိပညာပေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)
မြို့နယ်များ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေး
မုဒုံ
မွန်ပြည်နယ် မုဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယ အကြိမ်ထိုးနှံပြီးဖြစ်၍ ခြောက်လနှင့်အထက် ရှိသူများ အား စတုတ္ထအကြိမ်မြောက် ထပ်ဆောင်းကာကွယ်ဆေးအဖြစ် ထိုးနှံခြင်းကို အောက်တိုဘာ ၃ ရက်က ကန်ကြီးသာသနာ့ဗိမာန်နှင့် ကော့ပရံကျေးရွာဓမ္မာရုံတွင် ထိုးနှံပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မုဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် ကျေးလက်ကျန်းမာရေးဝန်ထမ်းများက မုဒုံမြို့နယ် အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ ထိုးနှံခြင်းမရှိသူများ ၊ကာကွယ်ဆေး အကြိမ် ပြည့်ထိုးနှံပြီးစီးမှုကာလ ခြောက်လနှင့်အထက်ရှိသည့် ရဟန်းသံဃာတော်များ၊ ဝန်ထမ်း များနှင့် ဒေသနေပြည်သူများ ၃၁၅ ဦးအား ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုကို ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် ထပ်ဆောင်း ကာကွယ်ဆေးအဖြစ် ထိုးနှံပေးခဲ့သည်။ ကာကွယ်ဆေးထိုးနှံပေး ခြင်းကို အများပြည်သူများ ထိုးနှံနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်များ၌ အပတ်စဉ် တနင်္လာနေ့ နှင့် သောကြာနေ့တိုင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သားငယ်(ပြန်/ဆက်)
ညောင်ဦး
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးပေးခြင်းကို ယနေ့နံနက် ပိုင်းက သတ်မှတ်စုရပ်များ၌ ထိုးနှံပေးရာ ၆၃၆၇၅၆ ဦး ထိုးပေး နိုင်ခဲ့ပြီဖြစ်ကြောင်း ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။
ထို့ပြင် ဝေးလံသည့်ဒေသများနှင့် လာရောက်ဆေးထိုးရန် မလွယ်ကူသည့် နေရာဒေသများသို့လည်း နယ်လှည့် ကိုဗစ် ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် သွားရောက်ထိုးနှံပေးလျက်ရှိ ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ထံမှ သိရ သည်။
ခရိုင်(ပြန်/ဆက်)