
ယခုအခါ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကူးစက်ပြန့်ပွားမှုသည် ပြည်တွင်းကူးစက်မှုများ ပိုမိုများပြားလာလျက်ရှိရာ အမြို့မြို့အနယ်နယ်၌ ကြိုတင်ကာကွယ်ရေးအစီအမံများ အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ပြည်သူတစ်ရပ်လုံးအနေဖြင့်လည်း ရောဂါကူးစက်မှု မဖြစ်ပွားရေး အတွက် ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်လျက်ရှိပါသည်။ မြို့နယ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး ဆောင်ရွက်မှုများကို ဖော်ပြလိုက်ပါသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
ဆိပ်ဖြူ
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (တတိယအကြိမ်) ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၂၇ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အောက်ဆိပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းကြည့်ရှုသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (တတိယအကြိမ်) ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးဝင်း၊ အတွင်း ရေးမှူး ရဲမှူးမောင်မောင်တင်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာဝန်ထမ်း များ ကွင်းဆင်း၍ ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (တတိယအကြိမ်) ထိုးနှံပေးမှုလုပ်ငန်းတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးလျက်ရှိသည့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်မိခင်နှင့် ကလေး၊ အမျိုးသမီရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အသင်းဝင်များက ကျန်းမာရေး အသိပညာပေးဆောင်ရွက်ပေးနေမှုနှင့် နှာခေါင်းစည်း ဖြန့်ဝေပေးနေမှုတို့ကို ကြည့်ရှုအားပေးကြောင်း သိရသည်။
စိုးလင်းနိုင်(ပြန်/ဆက်)
ကန့်ဘလူ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများကို အရှိန်အဟုန်မြှင့် ထိုးနှံဆောင်ရွက်ပေး လျက်ရှိရာ စက်တင်ဘာ ၂၈ ရက်က ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ ခုတင် ၁၀၀ ဆေးရုံအုပ်၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ကြည့်ရှုအားပေးကြောင်း သိရ သည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြား ရှိ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီး ခြောက်လပြည့်ပြီးသူ အထက်တန်း၊ အလယ်တန်းကျောင်းသား ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (တတိယအကြိမ်) ကို ကျန်းမာရေး ဝန်ထမ်းများက ၇၆၇ ဦး ထိုးနှံပေးနိုင်ခဲ့ကြောင်းနှင့် ကျန်ရှိသော ကျောင်းသား ကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။ အောင်ဝင်းငြိမ်း(ကန့်ဘလူ)
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး မြို့နယ်များ၌ နှာခေါင်းစည်းများဖြန့်ဝေ
ညောင်ဦး
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မဏိစည်သူဈေး၊ ဘုန်းစဉ် အခွန်လွတ်ဈေးတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး လူတိုင်းနှာခေါင်းစည်းတပ်ဆင်နိုင်ရေး နှာခေါင်းစည်းအခုရေ ၄၀၀၀ ဖြန့်ဝေ၍ နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှုကို စက်တင်ဘာ ၂၈ ရက်က ဆောင်ရွက်သည်။
အဆိုပါ နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှုကို ညောင်ဦး မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးနန်းတင့်နှင့် စီမံအဖွဲ့ဝင်များ ဦးဆောင်ကာ ဌာန ဆိုင်ရာများ၊ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများက ညောင်ဦးမြို့ မဏိစည်သူဈေးနှင့် ဘုန်းစဉ်အခွန်လွတ်ဈေးသို့ လာရောက်သည့် ဈေးရောင်းဈေးဝယ်များ၊ လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး လူတိုင်းနှာခေါင်းစည်းတပ်ဆင်သွားလာကြရန် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှုပြုလုပ်ကာ နှာခေါင်းစည်း အခုရေ ၄၀၀၀ ဖြန့်ဝေပေးကြောင်း သိရသည်။ ဝင်းထိန်
တောင်ကြီး
တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီး ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းနှင့် နှာခေါင်းစည်း များ အခမဲ့ဖြန့်ဝေခြင်းကို စက်တင်ဘာ ၂၈ ရက်က လူစည်ကားရာ နေရာများဖြစ်သည့် စဝ်စံထွန်းစျေးရှေ့နှင့် မြင်းရုပ်မီးပွိုင့်ရှေ့တို့၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ နှာခေါင်းစည်းဖြန့်ဝေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆွေမြင့် ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့က ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး အသိပညာပေးပြောကြားပြီး အသိပညာပေးလက်ကမ်းစာစောင်နှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။ အေးအေးစိုး(ပြန်/ဆက်)