
ယခုအခါ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကူးစက်ပြန့်ပွားမှုသည် ပြည်တွင်းကူးစက်မှုများ ပိုမိုများပြားလာလျက်ရှိရာ အမြို့မြို့အနယ်နယ်၌ ကြိုတင်ကာကွယ်ရေးအစီအမံများ အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ပြည်သူတစ်ရပ်လုံးအနေဖြင့်လည်း ရောဂါကူးစက်မှု မဖြစ်ပွားရေးအတွက် ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်လျက်ရှိပါသည်။ မြို့နယ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး ဆောင်ရွက်မှုများကို ဖော်ပြလိုက်ပါသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှုများ ဆောင်ရွက်
မောင်တော
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ စက်တင်ဘာ ၂၈ ရက်က လမ်းသွားလမ်းလာ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာန မောင်တောခရိုင်ရုံးမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မြို့မနာရီစင်ခွဆုံ၌ လမ်းသွားလမ်းလာပြည်သူများ၊ ကျောင်းသား ကျောင်းသူများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များအား လက်ကိုင်အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ကာ နှာခေါင်းစည်းအခုရေ ၁၅၀၀ အား ဖြန့်ဝေ ပေးခဲ့ကြပြီး အသိပညာပေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မပြတ် ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
အောင်ကျော်စိန်
သက်လွင်စိုး (ပြန်/ဆက်)
ပုဗ္ဗသီရိ
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရီ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ ကြီးကြပ်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် စက်တင်ဘာ ၂၇ ရက်က ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် လက်လုပ်တောင် စေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာရောက်ကြသည့် ပြည်သူများနှင့် ဈေးသည်များအား နှာခေါင်းစည်းကမ်ပိန်း ပြုလုပ်ခဲ့သည်။
ထိုသို့ ပြုလုပ်ရာတွင် ဒေသခံခရီးသွားများ နှင့် ဈေးရောင်း ဈေးဝယ် ပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်းအခုရေ ၁၅၀၀ ကို အခမဲ့ဖြန့်ဝေပေးခြင်း လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံ
ရွှေသောင်ယံ
ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံမြို့ အမှတ်(၂)ရပ်ကွက် အသောကာရာမဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံ၌ စက်တင်ဘာ ၂၈ ရက်က သံဃာတော်များနှင့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ် ဆေးများ ထပ်ဆောင်းကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံရာသို့ ရွှေသောင်ယံမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ကာ ရွှေသောင်ယံ မြို့ သဘော့ကန်ကျေးလက်ကျန်းမာရေးဌာနအောက်ရှိ ကျန်းမာ ရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)
နောင်ချို
ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပြီးစီး၍ ခြောက်လပြည့်ပြီးသော ဝန်ထမ်းများနှင့်အတူနေ မိသားစုဝင်များ၊ ဒေသခံပြည်သူများအား စတုတ္ထအကြိမ် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၈ ရက်က ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ်အတွင်းရှိ ဝန်ထမ်းများနှင့်အတူနေ မိသားစုဝင် များ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် စတုတ္ထ အကြိမ် ထပ်ဆောင်းကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း၊ အလားတူ ပထမအကြိမ်၊ ဒုတိယအကြိမ် နှင့် တတိယအကြိမ် ထိုးနှံခြင်းမရှိသေးသည့် အသက် ၁၈ နှစ်နှင့် အထက် ဒေသခံပြည်သူများ၊ ကျောင်းသား ကျောင်းသူများကိုလည်း သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များအလိုက် ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူရန် ကျန်ရှိနေသည့် ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများအား ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။ ထွေးငယ်(ပြန်/ဆက်)