နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ (အထစ)များကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းများမရှိစေရေး ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးလျက်ရှိ

 

မိဘပြည်သူများအနေဖြင့် အောက်ဖော်ပြပါနိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေ စာရင်း ပုံစံ ၆၆/၆(အထစ)နှင့်ပတ်သက်၍ အခက်အခဲများအား သက်ဆိုင်ရာ မြို့နယ်လဝကရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်နိုင်ကြောင်း အသိပေးအပ်ပါသည်-
၁။    နိုင်ငံသားစိစစ်ရေးကတ်
    (က)    နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး/ပျက်စီးနေသူများသည် သက်ဆိုင်ရာမြို့နယ် လဝကရုံးများ သို့ သွားရောက်သတင်းပို့ဖြေရှင်းရမည်။
    ( ခ )    အသက်(၁၀)နှစ်ပြည့်ပြီးသော်လည်း နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသောသူများသည် သက်ဆိုင်ရာ  မြို့နယ်လဝကရုံးများတွင်  သွားရောက်ပြုလုပ်ခြင်း၊  ပန်းခင်းစီမံချက်များဖြင့် ပြုလုပ်ခြင်းများကို ဆောင်ရွက်နိုင်သည်။ 
    ( ဂ )    အသက်(၁၀)နှစ်ပြည့်  နိုင်ငံသားစိစစ်ရေးကတ်  ပြုလုပ်ပြီးသော်လည်း သတ်မှတ်ထားသော အသက်အပိုင်းအခြားအတိုင်း ပြန်လည်လဲလှယ်ရန် လိုအပ်ပါသည်။
    (ဃ)    နိုင်ငံသားစိစစ်ရေးကတ်ပါ အချက်အလက်များ ကွဲလွဲမှုရှိပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံး များတွင် သွားရောက်ပြင်ဆင်ရမည်။
    ( င )    နိုင်ငံသားစိစစ်ရေးကတ်(၁)ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားရှိခြင်း မပြုရ၊ ကိုင်ဆောင် ထားခြင်းရှိပါက   သက်ဆိုင်ရာ မြို့နယ်လဝကရုံးများတွင်  အမြန်သွားရောက်အပ်နှံရမည်။ (၁-၁၁-၂၀၂၂) ရက်နေ့အထိ   ကတ်အပိုများအပ်နှံခြင်းမပြုပါက  နောက်ဆုံးထုတ်ယူသော နိုင်ငံသားကတ်ကိုသာ အတည်ပြု၍ ယခင်ကတ်အပိုများအား ပယ်ဖျက်စာရင်းသွင်းပါမည်။
    ( စ )    အမျိုးသားမှတ်ပုံတင်သက်သေခံကတ်ပြား (အမတ)ကိုင်ဆောင်ထားသူများသည် သက်ဆိုင်ရာ မြို့နယ်လဝကရုံးများတွင်   သွားရောက်၍   နိုင်ငံသားစိစစ်ရေးကတ်သို့  ပြောင်းလဲရမည်။ (ပြောင်းလဲခွင့်ရှိသူများသာ)။
    (ဆ)    မိမိနိုင်ငံသားစိစစ်ရေးကတ်အား အခြားသူတစ်ဦးမှ ကိုင်ဆောင်ထားသည်ဟု သံသယရှိပါက သက်ဆိုင်ရာမြို့နယ်လဝကရုံးများတွင် သွားရောက်သတင်းပို့ရမည်။
၂။    ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်း(အထစ)
    (က)    ပုံစံ ၆၆/၆ (အထစ) ပျောက်ဆုံး/ပျက်စီးနေသူများသည် သက်ဆိုင်ရာ မြို့နယ်လဝကရုံးများသို့ သွားရောက်သတင်းပို့ဖြေရှင်းရမည်။
    ( ခ )    ပုံစံ ၆၆/၆ (အထစ)တွင် ပါဝင်သော အိမ်ထောင်စုဝင်များသည် နိုင်ငံသားစိစစ်ရေးကတ်ရရှိပါက နိုင်ငံသားစိစစ်ရေးကတ်အမှတ်အား မြို့နယ်လဝကရုံးများတွင် မဖြစ်မနေဖြည့်သွင်းရမည်။
    ( ဂ )    ပုံစံ ၆၆/၆ (အထစ)အချက်အလက်များနှင့် နိုင်ငံသားစိစစ်ရေးကတ်ပါ အချက်အလက်များ ကွဲလွဲနေပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံးများတွင် သွားရောက်ပြင်ဆင်ရမည်။ (ဥပမာ- နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ အမည်၊ မွေးသက္ကရာဇ်၊ အဖအမည်၊ အမိအမည်)။
    (ဃ)    ပုံစံ  ၆၆/၆  (အထစ) (၁)ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားသူများသည် သက်ဆိုင်ရာ မြို့နယ်လဝကရုံးများသို့   အမြန်သွားရောက်သတင်းပို့  ဖြေရှင်းရမည်။ (ဥပမာ- ပုသိမ်တွင် အထစပြုလုပ်ထားသော်လည်း ရန်ကုန်တွင် အထစ ထပ်မံပြုလုပ်ထားရှိခြင်း)။ (၁-၁၁-၂၀၂၂)ရက်နေ့အထိ ပုံစံ ၆၆/၆ (အထစ)အပိုများ အပ်နှံခြင်းမပြုပါက နောက်ဆုံးထုတ်ယူထားသော ပုံစံ ၆၆/၆ (အထစ)ကိုသာ အတည်ပြု၍ ယခင်ပုံစံ ၆၆/၆ (အထစ)များအား ပယ်ဖျက်စာရင်း သွင်းပါမည်။
    ( င )    ပုံစံ ၆၆/၆ (အထစ)အချက်အလက်များ (ပြောင်းဝင်/ပြောင်းထွက်/မွေးဖွား/ သေဆုံးခြင်း)၊ ပြောင်းလဲမှုရှိသည့်အခါတိုင်း သက်ဆိုင်ရာ မြို့နယ်လဝကရုံးများသို့ သွားရောက်၍ နောက်ဆုံး အခြေအနေနှင့်အညီ ပြင်ဆင်မှုများကို ဆောင်ရွက်ရမည်။
    ( စ )    မည်သည့်အရပ်ဒေသတွင်မှ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ (အထစ) မရှိသေးသူများ သည် နီးစပ်ရာ မြို့နယ်လဝကရုံးများသို့ သတင်းပို့၍ ပန်းခင်းစီမံချက်အရ စိစစ်ဆောင်ရွက် ပေးမည်။
၃။    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြု ကတ်တစ်မျိုးမျိုး ကိုင်ဆောင်သူ (၅၂) သန်းကျော်အား စာရင်းသွင်းပြီးဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း နိုင်ငံသားစိစစ်ရေး ကတ်နှင့် အခြားအသိအမှတ်ပြုကတ်များ၊ ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်းများကွဲလွဲခြင်း၊ အပို ကိုင်ဆောင်ခြင်းများအား    နီးစပ်ရာမြို့နယ်လဝကရုံးများသို့   သွားရောက်ဖြေရှင်းဆောင်ရွက်ရန်နှင့်  သတ်မှတ်ကာလကျော်လွန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။


     လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန