
နေပြည်တော် ဧပြီ ၂
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့ နံနက်ပိုင်း တွင် နည်းပညာတက္ကသိုလ်(ပုသိမ်)ရှိ ကွန်ပျူတာ စာမေးပွဲခန်း၌ IT ဌာနမှ ကျောင်းသား ကျောင်းသူများ Programming ဘာသာရပ်ကို စိတ်ပါဝင်စားစွာ ဖြေဆိုနေမှု၊ ရေးဖြေစာမေးပွဲခန်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှု အားပေးကာ ကျောင်းသား ကျောင်းသူများ စိတ်ရွှင် လန်းချမ်းမြေ့စွာ ဖြေဆိုနိုင်ရေး လိုအပ်သည်များ ပံ့ပိုးပေးနိုင်ရေးနှင့် စာမေးပွဲစည်းကမ်းများအတိုင်း အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ဆောင်ရွက်ရန်၊ ယင်းနောက်ပိုင်း၌ Academic Calendar အတိုင်း ဆက်လက်ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာ ရူပဗေဒဌာနနှင့် အင်ဂျင်နီယာဓာတုဗေဒဌာနများရှိ လက်တွေ့ခန်းများတွင် သင်ထောက်ကူပစ္စည်းသစ် များ ထပ်မံဖြည့်ဆည်းထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
လေ့ကျင့်သင်ကြား
ယင်းနောက် ဒုတိယဝန်ကြီးသည် လျှပ်စစ် စွမ်းအားအင်ဂျင်နီယာဌာနရှိ Electrotechnology နှင့် အခြားလက်တွေ့ခန်းများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများအား အခြေခံသီအိုရီမှ သည် လက်တွေ့ခန်းအတွင်း သုတေသနပြုစမ်းသပ်မှု မှတစ်ဆင့် ပြင်ပလုပ်ငန်းခွင်ရှိ ပကတိအခြေအနေ တို့ကိုပါ ထင်ဟပ်ချိတ်ဆက်ကာ လေ့ကျင့်သင်ကြား ပေးရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် စက်မှုအင်ဂျင် နီယာဌာနတွင် သုတေသနဆောင်ရွက်လျက်ရှိသော ကောက်စိုက်စက် (Paddy Transplanter)ကို ကြည့်ရှု စစ်ဆေးပြီး သမားရိုးကျ ICE ယာဉ်အစား လျှပ်စစ် သုံးယာဉ်(EV)အဖြစ် ပြောင်းလဲဆောင်ရွက်ရန်၊ လုပ်ငန်းခွင်တွင် စမ်းသပ်သုံးစွဲရန်နှင့် လိုအပ်သည် များကို မှာကြားပြီး အဆောင်(၁)အနီး တပ်ဆင်ထား သော ၂၀ ကီလိုဝပ် ဆိုလာဟိုက်ဘရစ်စနစ်၊ မီးဘေး အန္တရာယ်ကာကွယ်ရေး စီမံချက်အတိုင်း ပြင်ဆင် ဆောင်ရွက်ထားမှုနှင့် တက္ကသိုလ်ဝင်းသန့်ရှင်း သာယာလှပရေးဆောင်ရွက်ထားမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ကွန်ပျူတာ တက္ကသိုလ်(ပုသိမ်)သို့ ရောက်ရှိကာ Internship ဆင်းရန် ပြင်ဆင်လျက်ရှိသော ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်၍ နိုင်ငံ့ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် အမှန်တကယ်အားထားရသော IT နည်းပညာရှင်ကောင်းများအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော နိုင်ငံ့သားကောင်းရတနာ များ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကွန်ပျူတာ တက္ကသိုလ်(ပုသိမ်)၊ နည်းပညာတက္ကသိုလ်(ပုသိမ်)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ နိုင်ငံ့ရေရှည် အကျိုးတိုးပွားစေရေးနှင့် ပြည်သူများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်ရာတွင် အထောက် အကူပြုနိုင်မည့် အရည်အသွေးပြည့်မီသော အင်ဂျင် နီယာများ၊ နည်းပညာရှင်များကို စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး အလေးထားဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။
ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်
ထို့နောက် တာဝန်ရှိသူများ၏ လိုအပ်ချက် တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ကာ တက္ကသိုလ် ဥပဓိရုပ်တင့်တယ်စေရေး ဆောင်ရွက်ထားရှိမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးသည်။
သတင်းစဉ်