နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များ လာရောက်လျှောက်ထားလျက်ရှိ

 

နေပြည်တော် ဖေဖော်ဝါရီ  ၂၄


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင်  နိုင်ငံရေးပါတီများ  ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ဇန်နဝါရီ  ၂၆ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၁၅/၂၀၂၃)ဖြင့် လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃)ဖြင့် လည်းကောင်း၊ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့နှင့် စပ်လျဉ်း၍ ကြေညာချက်အမှတ် (၂/၂၀၂၃)၊ (၃/၂၀၂၃)တို့ဖြင့်လည်းကောင်း ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။

 


နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်လိုသော ဖလုံ - စဝေါ်ဒီမိုကရက်တစ် ပါတီ သည် ဥပဒေ၊  နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့်  မှတ်ပုံတင်ခွင့်ကို  ယနေ့တွင် လာရောက် လျှောက်ထားခဲ့သဖြင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                                                                                                                                                            

သတင်းစဉ်