
နေပြည်တော် ဖေဖော်ဝါရီ ၂၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဇန်နဝါရီ ၂၆ ရက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၁၅/၂၀၂၃) ဖြင့်လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကိုအမိန့်ကြော်ငြာစာအမှတ် (၁၀/ ၂၀၂၃) ဖြင့်လည်းကောင်း၊ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် တို့နှင့် စပ်လျဉ်း၍ ကြေညာချက်အမှတ် (၂/၂၀၂၃)၊ (၃/၂၀၂၃) တို့ဖြင့်လည်းကောင်း ဇန်နဝါရီ ၃၁ ရက် တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်လိုသော ဒီမိုကရက်တစ် အင်အားစုလေဘာပါတီ သည်လည်းကောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော ဒီမိုကရေစီပါတီသစ်(ကချင်) [New Democracy Party (Kachin)][N.D.P(Kachin)] နှင့် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ တို့သည်လည်းကောင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို ယနေ့တွင် လာရောက်လျှောက်ထားခဲ့သဖြင့် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်