နေပြည်တော် ဇွန် ၁၉
ဇွန် ၁၅ ရက်တွင်ကျရောက်သည့် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (၂၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပရာ အခမ်းအနားပထမပိုင်းအဖြစ် နံနက် ၅ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့်မိသားစုဝင်များသည် ပျဉ်းမနားမြို့မှ ပင့်သံဃာဆရာတော်ကိုးပါးအား အရုဏ်ဆွမ်းဆက်ကပ် ကြပြီးနောက် ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ်ကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘန္ဒန္တဝိမလဗုဒ္ဓိထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်သံဃာ တော်များထံမှ ပရိတ်တရားတော်များ နာကြားပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ရေစက်သွန်းချအမျှပေးဝေ
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ် များက ပါဠိတက္ကသိုလ်ကျောင်း ဆရာတော်ထံမှ အနုမောဒနာတရားနာကြားကြကာ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ကျေပွန်စွာကြိုးပမ်းဆောင်ရွက်
နံနက် ၉ နာရီတွင် အခမ်းအနားဒုတိယပိုင်းကို ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် လက်ရှိဦးစီးဌာနများအနေဖြင့် ယခင်ကတည်းက အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းဖြစ်တည်ခဲ့ရာမှ ၁၉၉၅ ခုနှစ် ဇွန် ၁၅ ရက်တွင် ဝန်ကြီးဌာနတစ်ခု သီးသန့် အဖြစ် ဖွဲ့စည်းပေါ်ပေါက်ခဲ့သည့်အတွက် ယခုဌာန ဖြစ်တည်မှုမှာ ၂၇ နှစ် ရှိခဲ့ပြီဖြစ်ကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် အဓိကလုပ်ငန်းတာဝန် (၃) ရပ် ချမှတ် ကာ ရည်မှန်းချက်တာဝန်များကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် လုပ်နည်းလုပ်ဟန်များ ပိုမို ထိရောက်မှန်ကန်မြန်ဆန်စေရေးအတွက် ခေတ်မီ နည်းပညာစက်ကိရိယာများ အသုံးပြုဆောင်ရွက် လျက်ရှိကြောင်း၊ မိမိဌာနလုပ်ငန်းများသည် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားတို့ နှင့် ဆက်စပ်လျက်ရှိကြောင်း၊ နိုင်ငံခြားသားများ ဝင်/ထွက် သွားလာမှုနှင့် ထိန်းသိမ်းကြီးကြပ်ဆောင် ရွက်ရေးလုပ်ငန်းများ၊ နိုင်ငံအတွင်းရှိ နိုင်ငံသားများ အားလုံး ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုးရရှိရေး အတွက် ဆောင်ရွက်ထုတ်ပေးခြင်းလုပ်ငန်းများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် မူဝါဒများ ရေးဆွဲချမှတ်ရာတွင် အခြေခံအသုံးပြုမည့် လူဦးရေကိန်းဂဏန်းအချက်အလက်များ ရရှိရေး အတွက် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရသည့်အတွက် ဝန်ထမ်းများအားလုံးက ဌာန၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင် ပိုင်နိုင်ရန် လိုအပ်ပါကြောင်း၊ ခေတ်နှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာနှင့် ဘာသာ စကား ကျွမ်းကျင်ပိုင်နိုင်ရန်လိုအပ်ပြီး ဆက်ဆံရေးပြေပြစ်ကောင်းမွန်ရန်လည်း လိုအပ်ပါကြောင်း၊ နိုင်ငံနှင့်ဌာနအပေါ် သစ္စာစောင့်သိကြပြီး အစဉ်အလာ ကောင်းများနှင့် ဖြစ်တည်လာခဲ့သည့် ဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့မှသည် အနာဂတ်ရှေ့လုပ်ငန်းစဉ် များ အောင်မြင်ရေးအတွက် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်မှုအားနှင့် ပေးအပ်သည့်တာဝန် များကို ကျေပွန်စွာ ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ် များသည် ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်း Video Clip ပြသမှုကို ကြည့်ရှုအားပေး ကြသည်။
ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဝန်ကြီး ဌာနမှ နိုင်ငံတော်အဆင့် ဘွဲ့ထူး၊ ဂုဏ်ထူးတံဆိပ် ရရှိကြသူများ၊ သင်တန်းအသီးသီးတွင် ထူးချွန်ဆု ရရှိကြသူများ၊ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းမိသားစု များ၏ သားသမီးများကိုလည်းကောင်း၊ ဝန်ထမ်း မိသားစုဝင်များ၏ ကျောင်းသား/ ကျောင်းသူများ အတွက် ပညာသင်စရိတ် ထောက်ပံ့ငွေများကို ကိုယ်စားလှယ်များထံသို့လည်းကောင်း၊ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ဝန်ကြီးဌာန၏ ပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေတည်ထောင်မှု မတည်ရန်ပုံငွေကျပ်သိန်း ၅၀ ကို ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့က ပေးအပ် လှူဒါန်းကြရာ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယ အမြဲတမ်းအတွင်းဝန်တို့က လက်ခံရယူကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ် များကို ဝန်ထမ်းများက တေးသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ကြကြောင်း သိရသည်။
သတင်းစဉ်



