
နေပြည်တော် အောက်တိုဘာ ၂၈
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၃) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ ဝင်များ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများက Video Confer-encing ဖြင့် တက်ရောက်ကြသည်။
အကျိုးသက်ရောက်မှုရှိ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ရောဂါ ဖြစ်ပွားမှုနှုန်းများ ကျဆင်းလာမှုတို့နှင့် ပတ်သက်၍ “ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဗဟိုကော်မတီ ဖွဲ့ထားတာရှိပါတယ်။ သို့သော်လည်း ဗဟိုကော်မတီ နဲ့ ပိုပြီးတော့ ကျစ်ကျစ်လျစ်လျစ် ရှိအောင်ဆိုပြီးတော့ အရေးကြီးတဲ့ပုဂ္ဂိုလ်တွေလောက်ပဲ အစည်းအဝေး ခေါ်ပြီးလုပ်ခဲ့တာ။ အဲဒီတော့ပြီးခဲ့တဲ့ ဇူလိုင်လ ကတော့ ကိုဗစ်-၁၉ ဖြစ်ပွားမှု အတော်လေးများခဲ့ ပါတယ်။ ပြီးခဲ့တဲ့ အစည်းအဝေးမှာလည်း ကျွန်တော် ပြောခဲ့တယ်။ ဇူလိုင်လ ၁၄ ရက်နေ့က အားလုံး ၇၀၈၃ ယောက်ဖြစ်ခဲ့ပြီး ၃၃ ဒသမ ၁၇ ရာခိုင်နှုန်း ဖြစ်ခဲ့တာကိုတွေ့တယ်။ Percentage အမြင့်ဆုံး ကတော့ ဇူလိုင်လ ၂၃ ရက်မှာ ၅၅၀၆ ယောက်နဲ့ ၄၀ ဒသမ ၀၈ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ဒီကနေပြီးတော့။ ဗဟိုကော်မတီကနေပြီးတော့မှ တောက်လျှောက်ကို အပတ်စဉ်လုပ်ငန်းညှိနှိုင်းပြီးတော့မှ ဆောင်ရွက်ပေး တာပေါ့။ နေ့စဉ်ကလည်း ဒုဥက္ကဋ္ဌဦးစီးပြီးတော့မှ ကြပ်မတ်ပြီးတော့ ဆောင်ရွက်ပေးမှုတွေကြောင့်၊ တစ်ဖက်ကလည်း ရောဂါထိန်းချုပ်ရေးနဲ့ ပတ်သက် ပြီး လုပ်ဆောင်ချက်တွေ၊ ဒီဘက်ကလည်း နိုင်ငံတော် အပိုင်းက လုပ်ရမယ့်ဟာတွေလည်း ထိထိရောက် ရောက်လုပ်လာနိုင်တယ်။ တစ်ဖက်ကလည်း ပြည်သူအပိုင်းကနေပြီးတော့ ပိုပြီးတော့မှ အလေး ထားပြီး ဆောင်ရွက်တဲ့အတွက်ကြောင့်။ ကျန်းမာရေး ဆိုင်ရာ ကန့်သတ်ချက်တွေကို လိုက်နာဆောင်ရွက် တာပေါ့၊ ဒုတိယကဘာလဲဆိုတော့ လိုအပ်ချက်တွေကို ဝိုင်းကူကြတာပေါ့၊ လိုအပ်ချက်တွေကို ဝိုင်းကူကြ တယ်၊ ဥပမာအားဖြင့် ဆေးတွေ လှူကြတယ်၊ ကာကွယ်တဲ့ပစ္စည်းတွေလှူကြတယ်၊ အောက်ဆီဂျင် မရရအောင်၊ တကယ့် စေတနာရှင်တွေကနေ။ ရအောင်။ ပြည်ပနိုင်ငံတွေကနေ မရရအောင် ဝယ်ယူ ပြီးတော့ ဆောင်ရွက်ပေးတာတွေ၊ ဒါတွေကြောင့် တော်တော်ကြီးကို ဒါအကျိုးသက်ရောက်မှု ရှိပါ တယ်။ အကျိုးသက်ရောက်မှုရှိပြီးတော့ နောက်ဆုံး မနေ့ကဆိုရင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ၄ ရာခိုင်နှုန်းကျော်လောက်ထိပဲ ဖြစ်လာခဲ့တာကို တွေ့ပါတယ်။ ကျွန်တော့် ရည်မှန်းချက်ကတော့ အောက်တိုဘာ ၂၄ ရက်နေ့က ၅ ရာခိုင်နှုန်း၊ အောက် တိုဘာ ၃၁ ရက်နေ့ကို ၃ ရာခိုင်နှုန်းလျှော့ချဖို့အတွက် Target ထားပြီးတော့ ကျွန်တော်ကော်မတီမှာလည်း ပြောခဲ့ပြီးသား ဖြစ်ပါတယ်။ အခုကတော့ ၄ ရာခိုင် နှုန်းကျော် လေးတော့ ဖြစ်နေသေးတာပေါ့။ အဲဒီတော့ ဒါလေးတွေကိုလည်း တစ်ဖက်ကလည်း ဒီထက် ပိုပြီးတော့ ဖြစ်ပွားမှုရာခိုင်နှုန်းကျအောင် ဆောင် ရွက်ပေးဖို့ လိုပါလိမ့်မယ်” ဟု ပြောကြားသည်။
ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများဆောင်ရွက်
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ရောဂါဖြစ်ပွားမှုနှုန်းများသည့် မြို့နယ် များအား ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ဦးစားပေး ဆောင်ရွက်ရန်လိုပြီး ကြပ်ကြပ် မတ်မတ် ဆောင်ရွက်ကြရန်လိုကြောင်း၊ ကူးစက်မှု များအား စစ်ဆေးဆောင်ရွက်ခြင်းဖြင့် ကာကွယ် ကုသရေးအတွက် အခွင့်အရေး ရလာမည်ဖြစ် ကြောင်း၊ အဓိကအားဖြင့် ကူးစက်မှုများအား မသိဘဲ အုံ့ပုန်းဖြစ်နေမှုများမှာ စိုးရိမ်စရာဖြစ်ကြောင်း၊ ကူးစက်မှုနှုန်းမြင့်နေဆဲဖြစ်သည့် မြို့နယ်များအား စနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက်ရန် လိုအပ် သကဲ့သို့ ကူးစက်မှုနှုန်း လျော့ကျလျက်ရှိသည့် မြို့နယ်များတွင်လည်း ပေါ့ပေါ့ဆဆဖြင့် ဆောင်ရွက် ၍မရကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် Stay at Home နှင့် သွားလာမှုကန့်သတ်ခြင်းများ ဆောင်ရွက်ခြင်း၊ ရုံးပိတ်ခြင်းများ ဆောင်ရွက်ခဲ့ရ ကြောင်း၊ ယခုအခါ ဖြစ်ပွားမှုနှုန်းများ ကျဆင်းလာပြီ ဖြစ်သဖြင့် အချို့မြို့နယ်များအား Stay at Home များ ဖြေလျှော့ပေးခဲ့ပြီး ရုံးများပုံမှန်အတိုင်းပြန်လည် တက်ရောက်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ ကျောင်းများ ပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသကဲ့သို့ အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ် -၁၉ ရောဂါကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိရာ အတိုင်းအတာ တစ်ခုအထိ ထိုးနှံပြီးဖြစ်ကြောင်း။
အဆင့်အလိုက်ပြန်လည်ဖွင့်လှစ်
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအနေဖြင့် လက်ရှိ အချိန်တွင် ၄ ရာခိုင်နှုန်းကျော် ကူးစက်မှုရှိသော်လည်း ယခုထက် ပိုမိုလျော့ကျလာနိုင်သေးကြောင်း၊ ပြီးခဲ့ သည့် သီတင်းကျွတ်ကာလတွင် ခရီးသွားခြင်းများ ဆောင်ရွက်ခဲ့ကြသော်လည်း ကူးစက်မှုနှုန်းများ မြင့်တက်လာသည်ကို မတွေ့ရကြောင်း၊ ကာကွယ် ဆေးထိုးနှံထားမှုများနှင့် ကိုဗစ်စည်းကမ်းအား လိုက်နာခဲ့မှုများကြောင့်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ရောဂါ ကူးစက်မှုနှုန်းများ ကျဆင်းလာချိန်တွင် ရပ်တန့်ထားရသည့် ပညာရေးယန္တရား၊ ကုန်ထုတ်လုပ် မှု ယန္တရားများနှင့် အကန့်အသတ်ဖြင့် ခွင့်ပြုထား ရသည့် သယ်ယူပို့ဆောင်ရေး ယန္တရားများအား ပြန်လည်ဆောင်ရွက်နိုင်ရေး စဉ်းစားဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်၍မရနိုင်သော်လည်း ရောဂါကူးစက်မှုနှုန်း နည်းပါးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြန်လည်ဆောင်ရွက်၍ရကြောင်း၊ ပို့ဆောင်ရေးနှင့် ပတ်သက်သည့် လေကြောင်းလိုင်းများ၊ ရထားလိုင်း များ၊ ကားလိုင်းများအား အပိုင်းအလိုက် ပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းများပြန်လည် ဖွင့်လှစ် နိုင်ရန်အတွက်လည်း အဆင့်အလိုက် ပြန်လည် ဖွင့်လှစ်နိုင်ရေး စဉ်းစားဆုံးဖြတ် ဆောင်ရွက်ကြရန်လိုကြောင်း။
၅၀ ရာခိုင်နှုန်းကျော်အား ထိုးနှံပေးနိုင်
မိမိတို့နိုင်ငံလူဦးရေ၏ ၃၅ ရာခိုင်နှုန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း၊ ကာကွယ် ဆေးထိုးနှံမှုများအား ဆက်လက်ဆောင်ရွက်သွား မည်ဆိုပါက ဒီဇင်ဘာလအတွင်း လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်အား ထိုးနှံပေးနိုင်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးထိုးနှံပြီးသူများ အား ခရီးသွားလာခွင့် ခွင့်ပြုပေးနိုင်မည့် အခြေအနေ၊ အလားတူ ပြည်ပနိုင်ငံများမှ လာရောက်သူများအား ခွင့်ပြုပေးနိုင်မည့် အခြေအနေများအား ထည့်သွင်း စဉ်းစားရန်လိုကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ဖြင့် ဆေးရုံတက်ရောက်သူများ များစွာကျဆင်း သွားပြီး အရေးပေါ်လူနာများ၊ အောက်ဆီဂျင်လိုအပ် မှုများ လျော့နည်းလာသည်ကို သိရှိရကြောင်း၊ ထိုသို့ ကျဆင်းသွားခြင်းမှာ အားလုံး၏ ပူးပေါင်းဆောင်ရွက် မှု၏ အောင်မြင်မှုရလဒ်ပင်ဖြစ်သဖြင့် ဝမ်းမြောက် ဖွယ်ပင်ဖြစ်ကြောင်း၊ ထပ်မံကူးစက်မှုမရှိစေရေး အတွက်လည်း ဆောင်ရွက်ရမည့် ကိစ္စရပ်များကို စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ပြည်တွင်းမှာထုတ်ဖို့လို
ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် “ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကြိုးစားနေတာရှိပါတယ်။ တရုတ်နိုင်ငံနဲ့ဆွေးနွေးနေတာရှိတယ်။ ရုရှားနိုင်ငံနဲ့ ဆွေးနွေးနေတာ ရှိတယ်။ မနေ့ကပဲ ရုရှားက ကိုယ်စားလှယ်အဖွဲ့တွေ အချို့ကျွန်တော့်ကိုလာပြီး တင်ပြတာရှိတယ်။ သူတို့ ဘယ်လိုလုပ်ပေးနိုင်ပါတယ်ဆိုပြီး ဒီလိုပြောလာ တာရှိတယ်။ ဒါလည်း ကျွန်တော်တို့က ဒီဆေးက ရေရှည်ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တဲ့အတွက်ကြောင့် ဒီဟာကို အမြန်ဆုံးဆောင်ရွက်ဖို့လည်း လိုတယ်။ အခုက ကျွန်တော်တို့ ဝယ်နေရတယ်၊ တောက်လျှောက် ဝယ်နေရတယ်။ တရုတ်နိုင်ငံက ရောင်းပေးလို့ပဲ။ တရုတ်နိုင်ငံကသာ ကျွန်တော်တို့ လိုသလောက် ရောင်းမပေးနိုင်ဘူးဆိုလို့ရှိရင် ကျွန်တော်တို့ ဒီအခြေ အနေ မျိုးရောက်နိုင်စရာ အကြောင်းမရှိဘူး။ ဒီနေရာ မှာ အခွင့်ကြုံတဲ့အချိန်မှာလည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ဒီလိုကာကွယ် ဆေးတွေရရှိအောင် အချိန်နဲ့တစ်ပြေးညီ မျှဝေ ဆောင်ရွက်ပေးတဲ့အတွက်လည်း မြန်မာနိုင်ငံရဲ့ ကိုယ်စား ကျေးဇူးတင်ကြောင်းလည်း ကျွန်တော် ပြောလိုပါတယ်။ ဘာပဲပြောပြော ဖြစ်ပွားမှုနှုန်း ကျသွားတဲ့အတွက် မြန်မာနိုင်ငံမှာ ရောဂါ ကြောင့်၊ စောစောကပြောတဲ့ ဇူလိုင်လတို့မှာတော့ သေဆုံးမှုနှုန်း မြင့်ခဲ့တာကိုး။ အဲဒီကနေပြီးတော့ တောက်လျှောက်ကျလာတာ မနေ့ကဆို ဆယ်ဂဏန်း လေးပဲရှိတော့တယ်။ ဆယ်ဂဏန်းကျော်ကျော်လေးပဲ ရှိတယ်။ တော်တော်လေးဝမ်းသာဖို့ ကောင်းပါတယ်။ သူများတိုင်းပြည်တွေ တချို့ဆိုပြန်ပြီး ကူးစက်မှု များနေတဲ့အချိန်မှာ သေတဲ့နှုန်းလည်း များနေတဲ့ အချိန်မှာ ကျွန်တော်တို့က ဖြစ်ပွားမှုနှုန်းရော သေတဲ့နှုန်းရော တော်တော်လေးကို ကျသွားတာ။ အဲဒီတော့ အင်မတန်ကို ကုသိုလ်ကံကောင်းတယ် လို့ပြောရလိမ့်မယ်။ အဲဒီတော့ တစ်ဖက်က ခုနက ပြောတဲ့ ထိုးဆေးနဲ့ ပတ်သက်ရင်လည်း ထိုးဆေးက။ ကျွန်တော်တို့က ဒီရောဂါသည် ယှဉ်တွဲနေထိုင်ရမယ့် ရောဂါ တစ်ခုလိုဖြစ်နေတယ်။ လုံးဝပျောက်ကင်းမယ် လို့ ဘယ်နိုင်ငံကမှ မပြောဘူး။ ကမ္ဘာ့ကျန်းမာရေး ကလည်း မပြောဘူး။ ဘယ်နိုင်ငံကမှလည်း အဆိုမပြု ဘူး၊ သုံးသပ်ချက် မထုတ်ဘူး။ ကျွန်တော်တို့ ဒီရောဂါသည် ယှဉ်တွဲသွားရမည့် ရောဂါတစ်ခုလို့ ပြောထားတဲ့အတွက်ကြောင့် ကျွန်တော်တို့က ကာကွယ်ဆေးကတော့ အနည်းဆုံး ၆ လတစ်ကြိမ် တော့ ထိုးနေရမယ့် အနေအထားရှိပါတယ်။ နောက် အသက်ပြည့်တဲ့ အရွယ်ရောက်တဲ့ ကလေးတွေ။ မထိုးရသေးတဲ့အဖွဲ့တွေလည်း ကျန်နေသေးတယ်။ အခုတော့ ကမ္ဘာ့ကျန်းမာရေးက၊ အမေရိကန် FDA ကတော့ ကလေးတွေ ထိုးခွင့်ရှိတယ်ဆိုပြီး မနေ့ ကတော့ အကြံပြုချက်တွေ ပေးတာတွေ့ပါတယ်။ ကျွန်တော်တို့ အဲဒီအဆင့်ထိ သွားမယ်ဆိုလို့ရှိရင် နောက်ထပ် ဆေးတွေအများကြီး လိုလာဦးမှာ ဖြစ်ပါ တယ်။ လာမယ့်နှစ်တွေမှာလည်း ၆ လပြည့်တိုင်း ပြန်ထိုး ရမယ့် ဆေးတွေကလည်း သန်းနဲ့ချီပြီးလိုမှာ ဖြစ်တယ်။ ဒါကြောင့် ထိုးဆေးက မဖြစ်မနေ ပြည်တွင်းမှာထုတ်ဖို့ လိုအပ်ပါတယ်။ အနည်းဆုံး တစ်လကို လေးငါးသန်းတော့ ထုတ်နိုင်ဖို့လိုပါတယ်။ ဒါကတော့ သေချာပြန်တွက်ရမှာပေါ့။” ဟု ပြောကြားသည်။
ဂရုတစိုက်ဖြင့်ဆောင်ရွက်
ယင်းနောက် ကာကွယ်ဆေးထုတ်လုပ်ရန် အတွက် ကုန်ကျစရိတ်များရှိသကဲ့သို့ ကုသမှုလုပ်ငန်း များ ဆောင်ရွက်နေသည့် ဆေးရုံများတွင်လည်း ကုန်ကျစရိတ်များရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါတစ်ခု တည်းအပေါ်တွင် သုံးစွဲရသည့် နိုင်ငံတော်ဘဏ္ဍာ ငွေများမှာ ဘီလီယံနှင့်ချီ၍ ကုန်ကျကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေများ ကုန်ကျမှုအား လျှော့ချ နိုင်ရန်အတွက် ကျန်းမာအောင် နေထိုင်ရန် လိုအပ် သကဲ့သို့ နိုင်ငံတော်အစိုးရအနေဖြင့်လည်း နိုင်ငံတော် ဝင်ငွေရရှိရန်အတွက် ကုန်သွယ်မှုနှင့် ထုတ်လုပ်မှုများ မြှင့်တင်၍ ဝင်ငွေရအောင် ကြိုးပမ်းဆောင်ရွက်ကြ ရန်လိုကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်အနေဖြင့်လည်း ကုန်ထုတ် လုပ်မှုများအား အားတက်သရော အားပေးကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသအလိုက်၊ တစ်ဦး ချင်းအလိုက် စီးပွားရေး ကောင်းမွန်ရေးအတွက် ဂရုတစိုက်ဖြင့် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ဒေသစီးပွားတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်း တိုင်ပင်၍ စဉ်းစားဆောင်ရွက်ကြရန် လိုကြောင်းဖြင့် မှာကြားသည်။
သုတေသနပြုစမ်းသပ်ဆောင်ရွက်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တက်ရောက်လာကြသူများက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ လက်ရှိ ဖြစ်ပွားမှုနှင့် လျော့ကျလာသည့် အခြေအနေ၊ ရောဂါ ကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်ရေး ဆောင် ရွက်လျက်ရှိသည့် အခြေအနေ၊ ဓာတ်ခွဲလူနာများအား တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့မှုနှင့် ကုသဆောင်ရွက်ပေး နိုင်ခဲ့မှု အခြေအနေ၊ ရောဂါကူးစက်မှုအား တင်းကျပ် စွာ ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်နေသေးသည့် အခြေအနေ၊ ရောဂါကူးစက်မှု လျော့ကျလာသည့် မြို့နယ်များကို နေအိမ်တွင် နေထိုင်ရေး (Stay at Home) စာရင်းနှင့် သတ်မှတ်စည်းကမ်းချက်များမှ ဖြေလျှော့ပေးခဲ့သည့် အခြေအနေ၊ ပွဲလမ်းသဘင် များကို ပြန်လည်ကျင်းပပြုလုပ်နိုင်ရေး၊ ပြည်ပသို့ ထွက်ခွာမှု၊ ပြည်ပမှ ပြန်လည်ဝင်ရောက်မှုများကို ခွင့်ပြုပေးနိုင်ရေး၊ ပြည်ပလေကြောင်းခရီးစဉ်များ ပြည်တွင်းဝင်ရောက်မှု လွယ်ကူလျင်မြန်စေရေး၊ Hotel များ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ပြည်တွင်း ခရီးစဉ်များ ပြန်လည်အသက်ဝင်စေရေး ဖြေလျှော့ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ၊ ရုံး၊ ဌာန များအလိုက် အင်အားအပြည့်ဖြင့် လုပ်ငန်းတာဝန် များကို ပြန်လည်ထမ်းဆောင်နိုင်ရေး၊ အားကစား လေ့ကျင့်မှုများကို SOP များဖြင့် သတ်မှတ်ဆောင် ရွက်သွားမည့် အခြေအနေ၊ နိုင်ငံတစ်ဝန်း ကာကွယ် ဆေးထိုးနှံပေးနေမှု၊ ဆက်လက်ထိုးနှံပေးမည့် အခြေ အနေနှင့် ထိုးနှံပြီးစီးသည့် အခြေအနေ၊ အခြေခံပညာ ကျောင်းများ၊ တက္ကသိုလ်များ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိသည့် အခြေအနေ၊ နယ်စပ် ဝင်ပေါက်အသီးသီးရှိ မြို့များတွင် RT-PCR စက်များ တပ်ဆင်ထားရှိမှုနှင့် တိုးချဲ့တပ်ဆင်သွားမည့် အခြေ အနေ၊ ကိုဗစ်-၁၉ ရောဂါ စတုတ္ထလှိုင်းအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် ထားရှိမှု အခြေအနေ၊ တိုင်းရင်းဆေးမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသဆေး ထုတ်လုပ် နိုင်ရေး သုတေသနပြုစမ်းသပ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ။
တိုးချဲ့ထုတ်လွှင့်ပြသပေးလျက်ရှိ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ဆေးနှင့် ဆေးပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း အသီးသီးမှ တင်သွင်းဖြန့်ဖြူးလျက်ရှိသည့် အခြေ အနေ၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး ဆိုင်ရာ အသိပညာပေးမှုများကို သတင်းစာများ၊ နိုင်ငံပိုင်ရုပ်မြင်သံကြား၊ ရေဒီယိုတို့အပြင် ပုဂ္ဂလိက ရုပ်သံလိုင်းများမှ အသိပညာပေးလျက်ရှိသည့် အခြေ အနေ၊ ပြည်သူများ စိတ်အပန်းပြေစေရေးအတွက် အစီအစဉ်များကို တိုးချဲ့ထုတ်လွှင့် ပြသပေးလျက် ရှိသည့် အခြေအနေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အစရှိသည့် အနုပညာလုပ်ငန်းများ၊ ဖျော်ဖြေရေးလုပ်ငန်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင် ရွက်နိုင်မည့် အခြေအနေ။
မြန်မာနိုင်ငံတွင် Ready to Fill ထုတ်လုပ်နိုင်
မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများအလိုက် ရောဂါပိုး ကူးစက်ပြန့်ပွားမှု အခြေအနေ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ဂိတ်အသီးသီးတို့မှ ပြည်တွင်း သို့ ပြန်လည်ဝင်ရောက်မှု၊ ဓာတ်ခွဲစစ်ဆေးမှု၊ ရောဂါပိုး တွေ့ရှိမှုနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု အခြေအနေ၊ မြို့နယ်အလိုက် Spot Check များ သတ်မှတ်၍ များများစစ်၊ မြန်မြန်တွေ့၊ မြန်မြန်ကု ဟူသည့် မူဖြင့် စစ်ဆေးဆောင်ရွက်ခဲ့မှု အခြေအနေ၊ ဦးတည်အုပ်စုများအလိုက် ကာကွယ်ဆေးထိုးနှံပေး လျက်ရှိသည့် အခြေအနေနှင့် ဆက်လက်ဆောင် ရွက်လျက်ရှိသည့် အခြေအနေ၊ ကာကွယ်ဆေးများ ဝယ်ယူရရှိမှု၊ ပေးပို့လှူဒါန်းသည့် ဆေးဝါးများ ရရှိမှု၊ ထပ်မံရရှိရေး ချိတ်ဆက်ဆောင်ရွက်ထားရှိမှု အခြေ အနေ၊ အာဆီယံမှ ပေးအပ်သည့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ရောက်ရှိမှု၊ ဖြန့်ခွဲ ပေးပို့ထားမှုနှင့် ထပ်မံရောက်ရှိလာမည့် အခြေအနေ၊ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ ကာကွယ်ဆေးများ အား မြန်မာနိုင်ငံတွင် Ready to Fill ထုတ်လုပ်နိုင် ရေးဆောင်ရွက်နေမှု အခြေအနေ။
စက်ရုံအသစ်များ ထပ်မံတည်ဆောက်
Relif Flight များဖြင့် ခရီးသည်နှင့် ဆေးဝါးများ၊ ဆေးပစ္စည်းများ သယ်ယူ ပို့ဆောင်ခဲ့မှု အခြေအနေ၊ ခရီးသည်နှင့် ကုန်ပစ္စည်းတင် လေကြောင်းခရီးစဉ် များ၊ ရေကြောင်းခရီးစဉ်များ၊ ကုန်းလမ်းပို့ဆောင်ရေး ခရီးစဉ်များကို ပြန်လည်ပြေးဆွဲ ဆောင်ရွက်နေမှု အခြေအနေနှင့် တိုးမြှင့်ပြေးဆွဲနိုင်ရေး ဆောင်ရွက် လျက်ရှိသည့် အခြေအနေ၊ အောက်ဆီဂျင်စက်ရုံ များဖွင့်လှစ်ထားရှိမှု၊ ထုတ်လုပ်မှုနှင့် လုံလောက်စွာ ထုတ်လုပ်နိုင်မှု အခြေအနေ၊ အရန်အနေဖြင့် Liquid Oxygen များ သိုလှောင်ထားရှိမှု၊ အောက်ဆီဂျင် စက်ရုံအသစ်များ ထပ်မံတည်ဆောက်နေမှု အခြေ အနေ၊ ရောဂါ ကာကွယ်ရေး အထောက်အကူပြု Mask များ၊ Faceshield များ၊ လက်အိတ်နှင့် ဆေးထိုး အပ်များ ထုတ်လုပ်ဖြန့်ချိပေးနေမှု အခြေအနေ။
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသက် (၁၂) နှစ်အထက် ကျောင်းသား ကျောင်းသူ များအား ကာကွယ်ဆေးထိုးနှံပြီးစီးမှု၊ ဆက်လက် ထိုးနှံဆောင်ရွက်နေမှု၊ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များ၊ သက်မွေးတက္ကသိုလ်များ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနအောက်မှ တက္ကသိုလ်များအပါအဝင် တက္ကသိုလ် အသီးသီးရှိ ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုရှိနေဆဲဖြစ်သည့် မြို့နယ် များအလိုက် Spot Check သတ်မှတ်၍ စစ်ဆေးခြင်း၊ ကုသခြင်းများကို ဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်း တင်ပြကြသည်။
အလေးထားဆောင်ရွက်
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်က လက်ရှိအချိန်တွင် ရောဂါဖြစ်ပွားမှုနှုန်းလျော့ကျလာလျက်ရှိပြီး နယ်စပ်ဒေသများတွင် ဖြစ်ပွားမှုနှုန်း ယခုထက် ပိုမိုလျော့ကျလာအောင် လုပ်ဆောင်နိုင် မည်ဆိုပါက ကုန်စည်စီးဆင်းမှု လျင်မြန်ပြီး စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့နိုင်မည် ဖြစ်ကြောင်း၊ နယ်စပ်ဒေသများတွင် ကူးစက်မှုများကို ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများအား အမြန်ဆုံးပို့ဆောင်၍ ဆေးထိုးနှံပေးသွားရန် လိုအပ် မည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်း များ ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် စိတ်ရောကိုယ်ပါ အပြည့်အဝ လုပ်ကိုင်နိုင် ရေးအတွက် ၎င်းတို့၏ လိုအပ်ချက်များကို စဉ်းစား ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆေး များ ပို့ဆောင်ခြင်း၊ ထိန်းသိမ်းခြင်းတို့တွင် အားနည်း ချက်များကြောင့် ပျက်စီးချို့ယွင်းမှုများ မဖြစ်ပေါ် စေရေးအတွက်လည်း အလေးထားဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း။
လေကြောင်းလိုင်းများ တိုးမြှင့်ပြေးဆွဲ
ရောဂါဖြစ်ပွားမှုနှုန်းကို အတိုင်းအတာတစ်ခု အထိ ထိန်းချုပ်နိုင်ပြီးဖြစ်သကဲ့သို့ ပွင့်လင်းရာသီ သို့လည်း ရောက်ရှိလာပြီဖြစ်သဖြင့် အလှူမင်္ဂလာ အခမ်းအနားများ၊ မင်္ဂလာဆောင်များ၊ ဘာသာရေး အခမ်းအနားများ စသည့် လူစုလူဝေး ပြုလုပ်ရသည့် အခမ်းအနားများကို သတ်မှတ်စည်းကမ်းများနှင့် အညီ ခွင့်ပြုပေးရန်လိုကြောင်း၊ အားကစား ဆောင်ရွက်မှုများကိုလည်း ကျန်းမာရေးရှုထောင့်မှ ရှုမြင်၍ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက် နိုင်ရေး ခွင့်ပြုပေးရမည်ဖြစ်ကြောင်း၊ စတုတ္ထလှိုင်း အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရာတွင် ဆေးရုံများ၊ စင်တာများ သာမက ဆေးရုံများတွင် လိုအပ်မည့် ကျန်းမာရေးဝန်ထမ်း၊ အောက်ဆီဂျင်၊ ဆေးရုံသုံး ပစ္စည်းများကိုလည်း ပြည့်စုံမှုရှိအောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လည်း လိုအပ် မည်ဖြစ်ကြောင်း၊ လေကြောင်းလိုင်းများ တိုးမြှင့် ပြေးဆွဲနိုင်ရေး ခွင့်ပြုဆောင်ရွက်ပေးရာတွင် ပြည်တွင်း လေကြောင်းလိုင်းများကို SOP နှင့်အညီ ဦးစွာခွင့်ပြုသွားရန် လိုအပ်ပြီး ပြည်ပလေကြောင်း လိုင်းများအား သက်ဆိုင်ရာနိုင်ငံများ၏ ကူးစက် ဖြစ်ပွားမှုနှုန်းအလိုက် သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုနိုင်ရေး ဆက်လက် ဆောင်ရွက်သွားရန်လို ကြောင်း၊ တိုင်းရင်းဆေးများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး လုပ်ဆောင်မှုများ ကိုလည်း စဉ်ဆက်မပြတ် အားပေးဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ ရောဂါ ဖြစ်ပွားမှုနှုန်း လျော့ကျလာသည့်အတွက် အနုပညာဆိုင်ရာလုပ်ငန်း များကို ခွင့်ပြုပေးရာတွင် သတ်မှတ်စည်းကမ်း အတိုင်းသာ လုပ်ဆောင်စေရေး ကြပ်မတ်ဆောင်ရွက် သွားရန်လိုကြောင်း။
၅၀ ရာခိုင်နှုန်းအား ပြည့်ဝစွာ ထိုးနှံပေး
Relief Flight များ ပြေးဆွဲ၍ နေရပ်ပြန်များ၊ ဆေးနှင့် ဆေးပစ္စည်းများကို သယ်ယူပို့ဆောင်ပေး နိုင်ခဲ့ပြီး တိုးမြှင့်ပြေးဆွဲသွားရန် လိုအပ်မည်ဖြစ် ကြောင်း၊ ကာကွယ်ဆေး ဝယ်ယူရရှိမှုအား မိမိတို့ ရည်မှန်းထားသည့် ၂၀၂၁ နှစ်ကုန်ပိုင်းတွင် နိုင်ငံ့ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းအား ပြည့်ဝစွာ ထိုးနှံ ပေးနိုင်ရေးအတွက် ထပ်မံချိတ်ဆက်ဝယ်ယူ သွားရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျလာသည် ဆိုသော်လည်း အချက်အလက် Figure များမှန်ရန် လိုအပ်ပြီး မှန်မှသာလျှင် Analysis လုပ်ဆောင်မှုများကို မှန်ကန်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူသည့် အချိန်မှစ၍ ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေ အနေ၊ စစ်ဆေးသည့် အရေအတွက်၊ ရောဂါတွေ့ရှိ သည့် ဦးရေ၊ သေဆုံးမှုများကို အမှန်အတိုင်း သတင်းထုတ်ပြန်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ Second Wave နှင့် Third Wave ကူးစက် ဖြစ်ပွားမှုနှုန်း လျော့ကျလာပြီဖြစ်သော်လည်း ဆက်လက်စောင့်ကြည့် ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ အခြေခံစည်းကမ်းများမှအစ လိုက်နာရန် လိုအပ်မည်ဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာများတွင် ရောဂါ ကူးစက်ဖြစ်ပွားမှုနှင့် ပတ်သက်၍ ထူးခြား မှုများရှိပါက သတင်းပို့ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်း အလွယ်တကူ ဝယ်ယူ ရရှိနိုင်သည့် စပ်ဆေးများ အသုံးပြုခြင်းများကို ကြပ်မတ်ဆောင်ရွက်ကြစေလိုပြီး ကျန်းမာရေး ခွင့်ပြုချက်လိုင်စင်ရှိသည့် ဆေးဆိုင်၊ ဆေးခန်းများမှ ညွှန်ကြားသည့် ဆေးများကိုသာ သုံးစွဲစေရန် လိုကြောင်းနှင့် စပ်ဆေးများ၏ ဘေးထွက်ဆိုးကျိုး များကို သိရှိနားလည်နိုင်ရေး ကျန်းမာရေး အသိပညာ ပေးမှုများကို လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ မြို့နယ်များအလိုက် ရပ်ကွက်၊ ကျေးရွာများမှအစ ရောဂါ ကူးစက်ဖြစ်ပေါ်မှုနှင့် ပတ်သက်၍ မျက်ခြည် မပြတ် စောင့်ကြည့်၍ လိုအပ်သည်များ ကြပ်မတ် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း။
ထိထိရောက်ရောက်ဆောင်ရွက်
ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်၍ EAO နယ်မြေများ၊ နယ်စပ်ဒေသများ၊ တိုင်းရင်းသားဒေသ များအထိ အကွက်စေ့စွာ ထိုးနှံပေးနိုင်ရေးဆောင်ရွက် ပေးရမည် ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါအပြင် အခြားရောဂါများနှင့် ပတ်သက်သည့် ကျန်းမာရေး အသိပညာပေးခြင်းများကို ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်