
ကုလသမဂ္ဂ စက်တင်ဘာ ၂၀
ကုလသမဂ္ဂဗဟို အရေးပေါ်တုံ့ပြန် ရေး ရန်ပုံငွေအဖွဲ့ (စီအီးအာရ် အက်ဖ်) သည် နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း၌ ဖြစ်ပေါ် လျက်ရှိသော စားနပ်ရိက္ခာနှင့် အာဟာရချို့တဲ့မှု အကျပ်အတည်း ကို ကူညီထောက်ပံ့ပေးရန်အတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းကို လွှဲပြောင်းပေးအပ်လိုက်ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက စက်တင်ဘာ ၁၉ ရက် တွင် ပြောသည်။
လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့ အစည်းများအနေဖြင့် ကူညီ ထောက်ပံ့ရေး လုပ်ငန်းများ ဆောလျင်စွာ ဆောင်ရွက်ခြင်း မပြုပါက အဆိုပါ ဒေသရှိ ကလေးငယ် ၅၀၀၀ ကျော်သည် သေဆုံးနိုင်ခြေရှိပြီး အသက်ရှင် ကျန်ရစ်သူများ အနေဖြင့်လည်း ဘဝတစ်သက်တာလုံး မသန်စွမ်းမှု များနှင့် ရင်ဆိုင်ရနိုင်ခြေရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က ပြောသည်။
ထို့အပြင် ယခုနှစ်တွင် အသက် ငါးနှစ်အောက် ကလေး ငယ် ၁ ဒသမ ၇၄ သန်းခန့်သည် အာဟာရချို့တဲ့မှုနှင့် ကြုံတွေ့နိုင် ဖွယ်ရှိပြီး ကလေးငယ် ၃၀၀၀၀၀ ကျော်သည် ပြင်းထန်သော အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင် ကြုံတွေ့ ရဖွယ်ရှိကြောင်းလည်း ဒူဂျာရစ်က ဆိုသည်။
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့ မြောက်ပိုင်းတွင် အစွန်းရောက် အကြမ်းဖက်မှုများကြောင့် အစု အပြုံလိုက်နေရပ်စွန့်ခွာထွက်ပြေးလျက်ရှိရာ သန်းပေါင်းများစွာသော ပြည်သူများအနေဖြင့် ပြင်းထန် သော ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်ကြုံတွေ့ နေရခြင်းဖြစ် ကြောင်း သိရသည်။
ဆင်ဟွာ