
နေပြည်တော် မတ် ၃၀
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ၊ ပြည်သူများ မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးအတွက် လမ်းလျှောက်သင်္ကြန် ကျင်းပရေး ကော်မတီနှင့် ဆပ်ကော်မတီများ ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊နေပြည်တော်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်၊ နေပြည်တော်စည်ပင်သာယာ ရေးကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယ မြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူ များ၊ Brilliant Aura Co.,Ltd မှ ပရောဂျက်ဒါရိုက်တာနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
စနစ်တကျ စီမံဆောင်ရွက်
ရှေးဦးစွာ နေပြည်တော်လမ်းလျှောက် သင်္ကြန် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က ယခုနှစ် နေပြည်တော်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်လျက်ရှိပြီး နေပြည်တော်ကောင်စီနှင့် ပူးပေါင်း၍ လမ်းလျှောက်သင်္ကြန်ကို ခမ်းခမ်းနားနား ထည့်သွင်းကျင်းပရန် စီစဉ်ထားပါကြောင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ကျင်းပခဲ့သော လမ်းလျှောက်သင်္ကြန်များကဲ့သို့ အဆင့်မီ သော လမ်းလျှောက်သင်္ကြန်ဖြစ်စေ ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ နေပြည်တော်ရှိ ပြည်သူများ ပျော်ရွှင်စေ ရန်ဖြစ်သလို ဝန်ကြီးဌာနများမှ ဝန်ထမ်း များ၊ ဝန်ထမ်းမိသားစုများလည်း ပျော်ရွှင် စေရန် စနစ်တကျ စီမံဆောင်ရွက်ထား ပါကြောင်း၊ လမ်းလျှောက်သင်္ကြန်တွင် သနပ်ခါးသင်္ကြန်၊ တိုင်းရင်းသားသင်္ကြန်၊ လူငယ် Game သင်္ကြန် စသည်ဖြင့် ကလေး၊ လူငယ်၊ လူကြီးများအားလုံး ပျော်ရွှင်စေ မည့် ကဏ္ဍများစွာပါဝင်ပြီး မြန်မာ့ရိုးရာ သင်္ကြန်ကို ခေတ်နှင့်အညီ ပြင်ဆင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဝန်ထမ်း များ၊ ပြည်သူများအားလုံး အချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ပျော်ရွှင်မှုရရှိအောင် ကျင်းပသည့်ပွဲဖြစ်သဖြင့် ဝန်ကြီးဌာနများက ပူးပေါင်းပါဝင်ဆင်နွှဲနိုင်ရေး စီမံဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ပေါင်းစပ်ဆောင်ရွက်သွားမည်
ထို့နောက် နေပြည်တော် လမ်းလျှောက် သင်္ကြန်ကျင်းပရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်က မဟာသင်္ကြန်ပွဲတော်တွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီမဏ္ဍပ်အပါအဝင် ယခုနှစ်တွင် ဝန်ထမ်းများ၊ ပြည်သူများ လွတ်လပ် ပျော်ရွှင်စွာဆင်နွှဲနိုင်ရန် လမ်းလျှောက် သင်္ကြန်ကို ထပ်တိုးဆောင်ရွက်သွားမည် ဖြစ်ပြီး နေပြည်တော်ကောင်စီအနေဖြင့် ပေါင်းစပ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော် လမ်းလျှောက်သင်္ကြန် ကျင်းပရေး ကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့်က လမ်းလျှောက်သင်္ကြန်နှင့် ပတ်သက်၍ စုဖွဲ့ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ Brilliant Aura Co.,Ltd မှ ပရောဂျက်ဒါရိုက်တာက နေပြည်တော် တွင် လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေ များကို အသေးစိတ် ရှင်းလင်းတင်ပြသည်။
ထို့နောက် လမ်းလျှောက်သင်္ကြန်အတွက် ပေါင်းစပ်ညှိနှိုင်းရေးမှူး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်အောင်က လမ်းလျှောက်သင်္ကြန်တွင် ဝန်ကြီးဌာနမဏ္ဍပ်များ နေရာချထားမှု အခြေအနေ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယမြို့တော်ဝန်၊ တက်ရောက်လာကြသူများနှင့် ဆပ် ကော်မတီများက လုံခြုံရေးဆိုင်ရာကိစ္စရပ် များ၊ ရေရရှိရေးနှင့် သန့်ရှင်းရေးကိစ္စရပ် များ၊ လျှပ်စစ်မီးရရှိရေးကိစ္စရပ်များ၊ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ် များနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ အပါအဝင် အားလုံးပါဝင်ပျော်ရွှင်စေရေး ပေါင်းစပ်ဆောင်ရွက်သွားမည့် အစီအမံ များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
သတင်းစဉ်