
နေပြည်တော် အောက်တိုဘာ ၁၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများဖြစ်ကြ သော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းတို့နှင့်အတူ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အခြေခံ ပညာအထက်တန်းကျောင်းများ၌ အသက် ၁၂ နှစ် နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက် တန်း ကျောင်းသား ကျောင်းသူများ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၌ ကာကွယ်ဆေး ထိုးနှံပေးနေမှုများကို အားပေးကြည့်ရှုပြီး ပြည်ထောင်စု ဝန်ကြီးက ယခုကဲ့သို့ ကာကွယ်ဆေးထိုးခြင်းဖြင့် နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သည့် ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေမည် ဖြစ်ပါကြောင်း၊ ဒေသတွင်း အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာတွင်လည်း ကျောင်းများ ပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက် ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက် အခက်အခဲများရှိပါက အမြန်ဆုံး ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ ဆေးရုံမှ ဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ကာကွယ်ဆေးမထိုးမီ မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက် ရယူခြင်း၊ ကျောင်းသား ကျောင်းသူများ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ရောဂါအခံ ရှိ၊ မရှိ မေးမြန်းခြင်းနှင့် ကာကွယ်ဆေးထိုးပြီးပါက ကျန်းမာ ရေးအတွက် ကာကွယ်နေထိုင်ရမည့် အစီအစဉ်များ ကို ပြောကြားဆောင်ရွက်ပေးကြပြီး ကာကွယ်ဆေး ထိုးနှံပေးကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ် အမှတ်(၇) အခြေခံပညာအထက် တန်းကျောင်းသို့ လည်းကောင်း၊ ဥတ္တရသီရိမြို့နယ် မင်းကုန်း အခြေခံပညာအထက်တန်းကျောင်းသို့ လည်းကောင်း သွားရောက်၍ အသက် ၁၂ နှစ်နှင့် အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးကြသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ် ရှစ်မြို့နယ်တွင် အသက် ၁၂ နှစ်ပြည့်ပြီးသည့် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူ စုစုပေါင်း ၈၃၉၆၉ ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာတစ်နိုင်ငံ လုံးမှ အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများတွင် ပညာသင်ယူနေသူ ကျောင်းသား ကျောင်းသူအားလုံးကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စနစ်တကျ ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်