နေပြည်တော်၌ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး စတင်ထိုးနှံ

 

 

နေပြည်တော် အောက်တိုဘာ ၁၂


ကျောင်းနေအရွယ်ကလေးတိုင်း  ကျန်းမာပျော်ရွှင်စွာဖြင့်  ပညာသင်ယူ ခွင့် အခွင့်အလမ်းများရရှိစေရန်အတွက် နိုင်ငံတော်အစိုးရက ကိုဗစ်- ၁၉  ကာကွယ်ဆေး  ထိုးနှံပေးနိုင်ရေးဆောင်ရွက်ခဲ့ရာ   ယနေ့တွင်  ပြည်ထောင်စုနယ်မြေ   နေပြည်တော်အတွင်းရှိ  အသက်၁၂ နှစ်နှင့် အထက် အခြေခံပညာ အလယ်တန်း၊  အထက်တန်း ကျောင်းသား ကျောင်းသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး (Sinovac) ကို စတင် ထိုးနှံပေးသည်။ 
ယနေ့မှ  စတင်၍ ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာ  ၂၅   ရက်အထိ      လျာထားပြီး        နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များဖြစ်သော ဇမ္ဗူ သီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပုဗ္ဗသီရိ မြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့်  တပ်ကုန်း မြို့နယ်တို့ရှိ အခြေခံပညာကျောင်း ၇၅၇ ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း ၂၈ ကျောင်းနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း ၇၄ ကျောင်း  စုစုပေါင်း ၈၅၉ ကျောင်းအနက် အထက်တန်းဆင့်နှင့် အလယ် တန်းဆင့် စာသင်ကျောင်း ၄၉၆ ကျောင်းတွင်ရှိသည့်  ကျောင်းသား၊ ကျောင်းသူ  စုစုပေါင်း ၈၃၉၆၉  ဦးကို ကာကွယ်ဆေးထိုးနှံပေးမည် ဖြစ်သည်။
ထို့ကြောင့် မြို့နယ်အလိုက် ဆေးထိုးနှံရန် သတ်မှတ်ထားသည့် စုရပ် နေရာများ၌  အခြေခံပညာအလယ်တန်း၊ အထက်တန်းတို့တွင် ပညာသင်ကြားလျက်ရှိသည့်    ကျောင်းသား၊  ကျောင်းသူများအား  နေ့ရက်အလိုက်     သတ်မှတ်ထားသည့်      လူဦးရေစာရင်းအလိုက် ကျန်းမာရေးဝန်ထမ်းများက  ကိုဗစ် - ၁၉  ကာကွယ်ရေးနည်းလမ်းများနှင့် အညီ ကာကွယ်ဆေးထိုးနှံပေးကြသည်။ 
ထို့ပြင် ကာကွယ်ဆေးထိုးမည့် စုရပ်နေရာများ၌လည်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးအတွက် လက်ဆေးဘေစင်များထားရှိ၍ လက်ဆေး စေခြင်း၊ Mask နှင့်  Face  Shield များဝေငှခြင်း၊ ဆေးထိုးရန် လာရောက် သည့် ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အပူချိန် တိုင်းတာပေး ခြင်းတို့ကို  တာဝန်ကျကျန်းမာရေးနှင့်   ပညာရေးဝန်ထမ်းများက ဆောင်ရွက်ပေးကြပြီး ပညာပေးဗီနိုင်းဆိုင်းဘုတ်များကိုလည်း ကျောင်း တွင်း၊ ကျောင်းပြင် ချိတ်ဆွဲထားရှိကာ အသိပညာပေးမှုများ ဆောင်ရွက် ထားသည်ကို တွေ့ရှိရသည်။ 
ယင်းသို့ ဆောင်ရွက်ပြီးပါက ပညာရေးဝန်ထမ်းများနှင့် တာဝန်ရှိ သူများက ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်၍ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများအား ကြိုတင်အသိပညာပေးခြင်းများ ဆောင်ရွက် ပြီး မိဘအုပ်ထိန်းသူများ၏  သဘောတူညီချက်လက်မှတ်ရယူကာ ကာကွယ်ဆေးထိုးနှံပေးသည်။ 
ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆေးကြောင့်   နောက်ဆက်တွဲလက္ခဏာများဖြစ်ပေါ်မှု    ရှိ၊ မရှိ စောင့်ကြည့်နိုင်ရန်   သီးသန့်အခန်းများတွင်ထားရှိပြီး   နာရီဝက် စောင့်ကြည့်စေကာ ကျန်းမာရေးချို့ယွင်းမှု တစ်စုံတစ်ရာဖြစ်ပေါ်လာ ပါက အချိန်နှင့်တစ်ပြေးညီ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ ပေးနိုင်ရန်လည်း ဆောင်ရွက်ထားသည်ကို  တွေ့ရှိရသည်။ 
ထို့ပြင် ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများ ဘေး အန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာနိုင်စေရန် School Bus များ စီစဉ် ပေးထားပြီး ဆေးထိုးစုရပ် ကျောင်းပတ်ဝန်းကျင် ဘေးအန္တရာယ်ကင်း ရှင်းစေရေးအတွက်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ် တပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့များက လုံခြုံရေး ဆောင်ရွက်ပေးသည်ကို တွေ့ရှိရသည်။
ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးပါက ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်- ၁၉ ရောဂါဆိုင်ရာ    လမ်းညွှန်ချက်များနှင့်အညီ  ကျောင်းများတွင် လုံခြုံစိတ်ချစွာ ပညာသင်ကြားသင်ယူခွင့်ရရှိမည်ဖြစ်ပြီး အကြောင်း အမျိုးမျိုးကြောင့် ဆေးထိုးနှံရန် ကျန်ရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူ များကိုလည်း  ထိုးနှံနိုင်ရေး  ဆက်လက်စီစဉ်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။ 
အဆိုပါ ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ပညာရေး ဝန်ကြီးဌာန အောက်ရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ပုဂ္ဂလိက ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ဦးစားပေးအစီအစဉ် များအလိုက် ထိုးနှံပေးသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်၊ အခြေခံပညာကျောင်းသား၊ ကျောင်းသူများတွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွား၊ သေဆုံးမှုကို လျှော့ချ ရန်နှင့် ကျောင်းသား၊ ကျောင်းသူများမှတစ်ဆင့် မိသားစုနှင့် ပတ်ဝန်း ကျင်သို့ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကိုတားဆီးရန်အတွက် ရည်ရွယ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။ 
                                        သတင်း-အောင်သန့်၊ ဓာတ်ပုံ-ကိုကိုအေး