
နေပြည်တော် ဧပြီ ၁၈
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက် မြန်မာ့နှစ်သစ်ကူး နေပြည်တော် စည်ပင် သာယာရေးကော်မတီ အန္တရာယ်ကင်း ပရိတ် တရားတော်များ ရွတ်ဖတ်နာယူခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်စည်ပင် သာယာရေးကော်မတီ မင်္ဂလာခန်းမ၌ကျင်းပရာ ပင့်သံဃာတော်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင် နှင့် ဇနီး ဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီးမှူးများ၊ ဌာနမှူးများ နှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နေပြည်တော် ပျဉ်းမနားမြို့ မာရ်အောင်ပရိယတ္တိစာသင်တိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇာဂရ အရှင်သူမြတ် ထံမှ ငါးပါးသီလဆောက်တည်ကာ သံဃာတော်အရှင် သူမြတ်တို့ ရွတ်ဖတ်သရဇ္ဈယ်တော်မူသော ပရိတ် ဒေသနာတော်များနှင့် အန္တရာယ်ကင်းပရိတ်ကမ္မဝါစာ များအား နာယူကြသည်။
ရေစက်သွန်းချ အမျှပေးဝေ
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းပြီး မာရ်အောင်ပရိယတ္တိ စာသင်တိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇာဂရ အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာကြားကာ ရေစက်သွန်းချ အမျှပေးဝေပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားရုပ်သိမ်း ခဲ့ကြောင်း သိရသည်။
သတင်းစဉ်