နွေစပါးနှင့် အခြားသီးနှံများ ဖြစ်ထွန်း​အောင်မြင်​စေ​ရေးအတွက် ဆည်​ရေ​ ပြည့်ဝစွာပေး​ဝေနိုင်​ရန် လိုအပ်

 

နေပြည်တော်   စက်တင်ဘာ    ၂၀


စပါးစိုက်ဧကများ၊    ဥယျာဉ်ခြံများကို     ဆည်ရေ ​​ပေး​ဝေရာတွင် ​    တောင်သူများ   အကျိုးပြု​စေ​ရေး အ​လေးထား​ဆောင်ရွက်ရန်၊  ​ရေ​လှောင်တမံ  ခံနိုင် ရည်​ပေါ်မူတည်၍ ​ရေသို​လှောင်နိုင်သည့် ပမာဏကို အမြဲမပြတ်စစ်​ဆေးတွက်ချက်ကာ ​ ​ရေထုတ်ပြွန်များ ဖြင့် စနစ်တကျ​ရေပိုလွှဲထုတ်နိုင်​ရေး ​ဆောင်ရွက်ရန်၊ ​နွေစပါးနှင့် အခြားသီးနှံများ ဖြစ်ထွန်း​အောင်မြင်​စေ​ရေးအတွက် ဆည်​ရေ​အားပြည့်ဝစွာ ပေး​ဝေနိုင်​ရန် လိုအပ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော် လင်းထွန်းက ပြောကြားသည်။ 

 


မုဒုံမြို့     အဇင်း​ရေ​​လှောင်တမံမှ   စိုက်ပျိုးရေ​ ပေးဝေနေသည့်အခြေအနေနှင့်   မြို့ရေပေးဝေနေမှု အခြေအနေကို  ယနေ့ နံနက်ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးရာတွင်    ပြည်နယ်ဝန်ကြီးချုပ်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 


အဇင်း​ရေ​​လှောင်တမံသည် စပါးစိုက်ဧက ၂၀၀၀၊ ဥယျာဉ်ခြံ ဧက ၁၀၃၈ ဧကကို ​စိုက်ပျိုးရေ​ပေးဝေ လျက်ရှိပြီး  မြို့​ရေ​ပေး​ဝေ​ရေးအ​နေဖြင့်   တစ်ရက်လျှင် ရေဂါလန်သန်းပေါင်း   ၁ ဒသမ ၄ ဂါလန်    ပေး​ဝေ လျက်ရှိသည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မုဒုံမြို့နယ် တော်ကူးကျေးရွာ Rs,Cs စပါး မျိုးကောင်း၊ မျိုးသန့်  ဘက်စုံနည်းပညာသုံး     စံပြစိုက်ကွက်    ၅၁ ဧက ဖော်ဆောင်နေမှုအခြေအနေကို သွားရောက်ကြည့်ရှု ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးက မျိုးသန့်မျိုးစေ့ များ ပံ့ပိုးပေးခြင်း၊ မြေဆီလွှာအာဟာရဓာတ် ပါဝင်မှု စစ်ဆေးပြီး မြေဩဇာထောက်ခံချက်ပေးခြင်း၊ ပိုးမွှား ရောဂါဆိုင်ရာ  ကာကွယ်​ရေး  အသိပညာပေးခြင်း များ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။

 


ရှင်းလင်းတင်ပြမှုအပေါ်  ပြည်နယ်ဝန်ကြီးချုပ်က မိုးစပါးရာနှုန်းပြည့်ကျော်လွန် စိုက်ပျိုးပြီး ​နွေစပါး အပါအဝင်     အခြားဆီထွက်သီးနှံများ   ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်​ရေး  ​ဆောင်ရွက်ကြရန်၊ နိုင်ငံစီးပွားဖွံ့ဖြိုး​ရေးရန်ပုံ​ငွေဖြင့် ​တောင်သူများကို တိုက်ရိုက်အကျိုးပြု သည့်    စိုက်ပျိုး​ရေးလုပ်ငန်းများ​အပြင်   ​မွေးမြူ​ရေး လုပ်ငန်းများ၊   အ​သေးစား၊  အလတ်စား ကုန်ထုတ် လုပ်ငန်းများကို အား​ပေးဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားခဲ့ပြီး ​တောင်သူများကို ရင်းရင်းနှီးနှီး ​တွေ့ဆုံ နှုတ်ဆက်သည်။

 


မုဒုံမြို့နယ်ရှိ ​   ကျေးရွာများ၌   ပေါ်ဆန်းရင် စပါးအမျိုးအစားကို အများဆုံးစိုက်ပျိုးကြပြီး စိုက်ပျိုး​ရေးဦးစီးဌာနနှင့် ​တောင်သူများ ပူး​ပေါင်း၍  ဘက်စုံ နည်းပညာသုံး စံပြစိုက်ကွက် ၁၅၁ ဧက စိုက်ပျိုးထား ရှိကာ  မျိုး​ကောင်းမျိုးသန့်များအား ​တောင်သူများထံ ဖြန့်​ဝေခြင်း၊   အ​လေအလွင့်     နည်းပါး​စေရန်နှင့် အရည်အ​သွေး​ကောင်းမွန်​သော      ​မြေဩဇာများ စနစ်တကျအသုံးပြု​စေခြင်း၊     ရိတ်သိမ်းချိန်လွန် နည်းပညာများဖြန့်​ဝေကာ  ကန်ထရိုက် လယ်ယာ စနစ်ဖြင့်  မျိုး​စေ့ထုတ်ကုမ္ပဏီများနှင့် ချိတ်ဆက်​ဆောင်ရွက်​ပေးခြင်းအပြင် ကုန်ထုတ်သမဝါယမ အသင်းများနှင့် ​ပေါင်းစပ်၍ မျိုး​စေ့ထုတ်​တောင်သူ များကို ပံ့ပိုး​ကူညီ ​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

 
သတင်းစဉ်