နောက်လိုက်ကောင်းဖြစ်မှ ခေါင်းဆောင်ကောင်းဖြစ်မည်ဖြစ်သဖြင့် နောက်လိုက်ကောင်းများ ဖြစ်လာစေရေး သင်တန်းများတွင် စနစ်တကျ လေ့ကျင့်ဆောင်ရွက်ပေးရန်လို

 

နေပြည်တော်  ဒီဇင်ဘာ ၂၃


နောက်လိုက်ကောင်းဖြစ်မှ    ခေါင်းဆောင်ကောင်း ဖြစ်မည်ဖြစ်သဖြင့် နောက်လိုက်ကောင်းများ ဖြစ်လာ စေရေး  သင်တန်းများတွင်   စနစ်တကျ   လေ့ကျင့် ဆောင်ရွက်ပေးရန်လိုကြောင်း၊   လေ့ကျင့်သင်ကြား ပေးနေသူ  နည်းပြများအနေဖြင့် သင်တန်းသားများ အား အရေအတွက်ထက်   အရည်အချင်းပြည့်ဝစေရေး လေ့ကျင့်ဆောင်ရွက်၍ စစ်သားကောင်းဖြစ်အောင် လေ့ကျင့်ပေးရန်လိုကြောင်း၊   စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးမဏ္ဍိုင်ဖြစ်သဖြင့် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်စေရေး  အဓိကထား လေ့ကျင့် ဆောင်ရွက်ပေးရန်လိုကြောင်းဖြင့်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က    ယနေ့  မွန်းလွဲပိုင်းတွင်      တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်သူနာပြုနှင့်  ဆေးဘက်ပညာတက္ကသိုလ်၊ တပ်မတော်(ကြည်း)       ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)တို့မှ ကျောင်းအုပ်ကြီးများ၊ နည်းပြအရာရှိ ကြီးများ၊ ကထိကအရာရှိကြီးများ၊ ဆရာ၊ ဆရာမကြီး များနှင့် သန္ဓေအရာရှိများအား ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံတပ်နယ်ရှိ   တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြား စဉ် ထည့်သွင်းပြောကြားသည်။

 

 
အဆိုပါတွေ့ဆုံပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ  ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊  ကာကွယ်ရေး ဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊      ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊   ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊  ကျောင်းအုပ် ကြီးများ၊ နည်းပြအရာရှိကြီးများ၊  ကထိကအရာရှိကြီး များ၊ ဆရာကြီး၊  ဆရာမကြီးများနှင့်   သန္ဓေအရာရှိများ တက်ရောက်ကြသည်။ 

 


ရှင်းလင်းတင်ပြ


ဦးစွာ   စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်နှင့်   တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင်တို့က   ၁၉၉၉ ခုနှစ် မှ   ၂၀၂၁ ခုနှစ်အထိ    တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်သူနာပြုနှင့်    ဆေးဘက်ပညာတက္ကသိုလ်၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)တို့မှ အရာရှိများ     လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့မှု၊ စာပေသင်ကြားပေးနိုင်ခဲ့မှုနှင့်  လက်ရှိတာဝန်ထမ်း ဆောင်နေမှုအခြေအနေများနှင့်       ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 


မွေးထုတ်ပေးလျက်ရှိ


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ       တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လေ့ကျင့်ရေးပိုင်းဆိုင်ရာများနှင့် ပတ်သက်၍  ပြော ကြားရာ၌     တပ်မတော်တွင်   လေ့ကျင့်ရေးသည် အရေးကြီးကြောင်း၊  စွမ်းရည်ထက်မြက်ရေးအတွက် စစ်ရေးစွမ်းရည်၊   စည်းရုံးရေးနှင့်   အုပ်ချုပ်ရေး စွမ်းရည်တို့ဖြစ်ကြောင်း၊ အသိပညာနှင့်အတတ်ပညာ များ ပေါင်းစပ်ဆောင်ရွက်ရခြင်းဖြစ်ပြီး  တွေးခေါ် ကြံဆမှုများဖြင့်     ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စစ်တက္ကသိုလ်နှင့်တပ်မတော်(ကြည်း)  ဗိုလ်သင်တန်း ကျောင်း(ဗထူး)၊ တပ်မတော်(ကြည်း)   ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ) တို့သည်    စစ်ဘက်ခေါင်းဆောင် များကို  တိုက်ရိုက်မွေးထုတ်ပေးပြီး ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်  စသည့်  တက္ကသိုလ်များသည် သက်ဆိုင်ရာဘာသာရပ်များ      တတ်ကျွမ်းသည့် စစ်ဘက်ခေါင်းဆောင်များ     မွေးထုတ်ပေးလျက်ရှိ ကြောင်း၊   သင်တန်းကျောင်းများတွင်   စစ်ပညာများ သင်ကြားပေးလျက်ရှိသကဲ့သို့  အတန်းပညာများကို လည်း  သင်ကြားပေးလျက်ရှိကြောင်း၊ တပ်မတော် တက္ကသိုလ်များနှင့်      ပြင်ပတက္ကသိုလ်များသည် သင်ကြားရေးနှင့်ပတ်သက်၍     ကွာခြားမှုများရှိ ကြောင်း၊ ပြင်ပတက္ကသိုလ်များသည် မိမိကိုယ်တိုင် လေ့လာမှုများကို  ဆောင်ရွက်၍ လက်တွေ့လေ့ကျင့် ခန်းများကို  ကိုယ်တိုင်တွေးခေါ်မှုနှင့်ဆောင်ရွက်ပြီး စာမေးပွဲဖြေဆိုမှုများကို       ပြုလုပ်ရကြောင်း၊ တပ်မတော်တက္ကသိုလ်များသည်    ဘာသာရပ်များ အလိုက်        အချိန်ပြည့်သင်ကြားသည့်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့  ဆောင်ရွက် ရာတွင်    ကျက်မှတ်ရသည်များရှိသကဲ့သို့    ဖတ်ရှု လေ့လာရသည်များလည်း ရှိကြောင်း။

 


စနစ်တကျလေ့ကျင့်ပေးရန်လို


ချွေးထွက်များမှ သွေးထွက်နည်းမည်ဖြစ်သဖြင့် မိမိတို့လေ့ကျင့်မွေးထုတ်ပေးလိုက်သည့်  အနာဂတ် ခေါင်းဆောင်များကို          လေ့ကျင့်သားပြည့်ဝပြီး တပ်မတော်က  အားကိုးအားထားရသူများ  ဖြစ်လာ စေရန်        စနစ်တကျ     လေ့ကျင့်ပေးရန်လိုကြောင်း၊ထို့ကြောင့် သက်ဆိုင်ရာအဆင့်အလိုက် သင်ကြားပေး လိုက်သည့်    ဘာသာရပ်များအား     အမှန်တကယ် တတ်ကျွမ်းပြီး လက်တွေ့နယ်ပယ်တွင်  အသုံးချနိုင် စေရေး        လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ လေ့ကျင့်ရေးလုပ်ငန်းများ  ဆောင်ရွက်ရာတွင် မှန်မှန် ကန်ကန်ဖြင့်      လေ့ကျင့်သင်ကြားပေးရန်လိုပြီး အသေးအဖွဲမှအစ ဂရုစိုက်ရန်လိုကြောင်း။ 

 


အဆင့်ဆင့်ကြပ်မတ်ကွပ်ကဲ


သင်တန်းသားများ၏ လေ့ကျင့်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်    အရေအတွက်ထက်   အရည် အချင်းပြည့်ဝမှုရှိစေရေး     ဦးစားပေး     လေ့ကျင့် သင်ကြားပေးနေရန်လိုကြောင်း၊    သင်တန်းသားနှင့် နည်းပြအချိုးကို  မျှတအောင်ဆောင်ရွက်ပေးပြီးဖြစ် သဖြင့်  လေ့ကျင့်သင်ကြားပေးရာတွင်  အရည်အချင်း ပြည့်ဝသူများ မွေးထုတ်ပေးနိုင်ရမည်  ဖြစ်ကြောင်း၊ Guardian စနစ်ဖြင့်  အဆင့်ဆင့်ကြပ်မတ်ကွပ်ကဲဆောင်ရွက်ရာတွင်  သင်တန်းသားများ၏ စိတ်ဓာတ်၊ စည်းကမ်း၊ စာပေပညာဆိုင်ရာများ  ကောင်းမွန်စေ ရေး အနီးကပ်တစ်ဦးချင်း ကြပ်မတ်ကွပ်ကဲလေ့ကျင့် သင်ကြားဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ ထို့အတူ စာပေပညာရပ်များ    သင်ကြားပေးရာတွင်လည်း သက်ဆိုင်ရာ  ဘာသာရပ်များအလိုက်  အမှန်တကယ် တတ်ကျွမ်း၍ ထူးချွန်သူများဖြစ်အောင် သင်ကြားပေး ရန်လိုကြောင်း၊ သင်တန်းသားတစ်ဦးချင်း၏    အနေ အထားကို  သိရှိရန်လိုပြီး လိုအပ်ချက်၊ အားနည်းချက် များကိုဖော်ထုတ်၍    ဖိဖိစီးစီးသင်ကြား လေ့ကျင့်ပေး ခြင်းဖြင့်    အမှန်တကယ်   အရည်အချင်းရှိသည့် သင်တန်းသားအရာရှိများကို    မွေးထုတ်ပေးနိုင် ရမည်ဖြစ်ကြောင်း၊  ထိုသို့မွေးထုတ်ပေးနိုင်ရန်အတွက် လည်း   အရည်အချင်းပြည့်ဝသည့်   နည်းပြများကို ရွေးချယ်ခန့်အပ်ထားခြင်းဖြစ်သဖြင့် မိမိတို့ဖြတ်သန်း လာရသည့်    ဘဝအတွေ့အကြုံ၊     တတ်ကျွမ်းထား သည့် ဘာသာရပ်များအလိုက်    စာပေပညာရပ်များ ကို အသုံးချ၍ လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း ဖြင့် မှာကြားသည်။

 


  တာဝန်ယူဆောင်ရွက်ခဲ့ရခြင်းဖြစ် 


ထို့နောက်    မြန်မာနိုင်ငံ၏    နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများနှင့် ပတ်သက်၍  မိမိတို့ နိုင်ငံသည် ၂၀၁၁ ခုနှစ်တွင်   ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင်    ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ  လျှောက်လှမ်း ခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ    (၂၀၀၈ ခုနှစ်) သည်     ပြည်သူများမှ   ဆန္ဒမဲပေးခွင့်ရှိသူများ၏ ၉၂  ဒသမ  ၄  ရာခိုင်နှုန်းဖြင့်      အတည်ပြုခဲ့ခြင်းဖြစ်သဖြင့် မျက်ကွယ်ပြုနေ၍မရကြောင်း၊  ၂၀၁၁  ခုနှစ်နှင့် ၂၀၁၅ ခုနှစ်   ဒီမိုကရေစီအစိုးရသက်တမ်းများတွင် တပ်မတော်အနေဖြင့် ဥပဒေအရပေးအပ်ထားသော တာဝန်များကို    အစိုးရနှင့်အတူ  ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်မှစ၍    အနိုင်ရပါတီ၏ လုပ်ဆောင်ချက်များသည်   ဥပဒေနှင့်ညီညွတ်ခြင်း မရှိသည်ကို  တွေ့ရှိရသဖြင့် မိမိအနေဖြင့် ဒီမိုကရေစီ တွင် စည်းကမ်းတကျရှိရန်နှင့်  တရားမျှတမှုရှိရန် အကြိမ်ကြိမ်တိုက်တွန်းပြောကြားခဲ့ကြောင်း၊  သို့သော် ရွေးကောက်ပွဲကျင်းပရာ၌   ကြိုတင်မဲပေးခြင်းများဆောင်ရွက်ရာတွင်   ဥပဒေနှင့်ညီညွတ်မှုများမရှိသည် ကို  သိရှိခဲ့ရပြီး ရွေးကောက်ပွဲကျင်းပချိန်တွင်လည်း မဲစာရင်းမှားယွင်းမှုများဖြစ်ပေါ်ခဲ့သည်ကို  အချို့သော ပုဂ္ဂိုလ်များနှင့် နိုင်ငံရေးပါတီများ၏  ပြောကြားချက် အရ   သိရှိခဲ့ရကြောင်း၊   မဲစာရင်းများအား ပြန်လည် စိစစ်ခဲ့ရာ  မဲစာရင်း  မှားယွင်းမှုကိုတွေ့ရှိရသဖြင့် အစိုးရအဖွဲ့နှင့် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိ သူများအား မဲစာရင်းမှားယွင်းမှုများအတွက် ဖြေရှင်း ပေးရန်        အကြိမ်ကြိမ်    ပြောကြားခဲ့ကြောင်း၊ တပ်မတော်အနေဖြင့်     တာဝန်ရှိသူများနှင့်   အကြိမ် ကြိမ် တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း    ဖြေရှင်းပေးခြင်း မရှိသဖြင့်    ဖွဲ့စည်းပုံအခြေခံဥပဒေ  (၂၀၀၈ ခုနှစ်)နှင့်အညီ   နိုင်ငံတော်အား    အရေးပေါ်အခြေအနေ ကြေညာ၍       တာဝန်ယူဆောင်ရွက်ခဲ့ရခြင်းဖြစ် ကြောင်း။

 


ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်


မိမိတို့အနေဖြင့်    နိုင်ငံတော်၏   တာဝန်အား ထမ်းဆောင်ရာတွင်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဖွဲ့စည်း၍      ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်ဆောင်ရွက်ပြီး နိုင်ငံတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်   ဦးတည်ချက်(၉)ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊       မိမိတို့အစိုးရ၏ လက်တွေ့ကျသော    ရည်ရွယ်ချက်နှင့်     လက်ရှိ လုပ်ဆောင်နေမှုသည် တိုင်းပြည်သာယာဝပြောရေး နှင့် စားနပ်ရိက္ခာပေါများရေးအတွက်  ဦးတည်ဆောင် ရွက်နေခြင်းဖြစ်ကြောင်း၊  ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေး        ဆောင်ရွက်ရာတွင်လည်း အရပ်သားများကိုသာ  ဥပဒေနှင့်အညီ  အတွေ့အကြုံ ရှိပြီး     အရည်အချင်းပြည့်ဝသူများကို      တာဝန် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊      နိုင်ငံတော်အား အရေးပေါ်အခြေအနေဖြင့်  တာဝန်ယူဆောင်ရွက် ရခြင်း ဖြစ်သော်လည်း ဒီမိုကရေစီနည်းလမ်းအရသာ ဥပဒေနှင့်အညီ         ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍လည်း   ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့်     နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရာတွင်လည်း အမုန်းတရားများမဖြစ်ပေါ် စေရန်နှင့်  သွေးထွက်သံယိုမှု  အနည်းဆုံးဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်း  ဆောင်ရွက်လျက်ရှိခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်  လွတ်လပ်ပြီး တရားမျှတ သည့်     ရွေးကောက်ပွဲ   ပြန်လည်ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊  ဆန္ဒမဲပေးရာ တွင်  အတတ်နိုင်ဆုံး မဲစာရင်းမှားယွင်းမှုမရှိစေရေးနှင့် မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေး၊   မသမာသည့် နည်းလမ်းဖြင့် မဲပေးမှုမရှိစေရေးတို့အတွက်  ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊  ထို့ကြောင့်  ဆန္ဒမဲပေးခွင့်ရှိ သူများအားလုံး      နိုင်ငံသားစိစစ်ရေးကတ်များ ရရှိစေရေးအတွက်   ဆောင်ရွက်လျက်ရှိရာ    ယခု အချိန်အထိ     ၂၅ ရာခိုင်နှုန်းခန့်သာ   ပြီးစီးသေး၍ ၎င်းလုပ်ငန်းစဉ်ကို         ပြည်သူလူထုတစ်ရပ်လုံး က  ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရမည်   ဖြစ် ကြောင်း။

 


အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိ


ဒီမိုကရေစီအရ  ဆောင်ရွက်ရာတွင် အချို့သော အဖွဲ့အစည်းများသည်     အကြမ်းဖက်ဆောင်ရွက်မှု များရှိကြောင်း၊ မြန်မာနိုင်ငံ၏   လက်နက်ကိုင်ပဋိပက္ခ များနှင့်    ဆက်စပ်နေသော    အဖွဲ့အစည်းများနှင့် စပ်လျဉ်း၍  ခွဲခြားကြည့်ပါက လွပ်လပ်ရေးကာလမှ ၂၀၁၁ ခုနှစ်မတိုင်မီအချိန်အထိ     နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊  အယူဝါဒများအရ  သဘော ထား  တိုက်ဆိုင်မှုမရှိခြင်းကြောင့် လက်နက်ကိုင် ဆောင်ရွက်ခဲ့သည့်     တိုင်းရင်းသားအဖွဲ့များ    ရှိ ကြောင်း၊ ၎င်းတို့အဖွဲ့များထဲမှ အချို့အဖွဲ့များအနေဖြင့် ၂၀၁၅ ခုနှစ်တွင်  တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး(NCA) လက်မှတ်ရေးထိုးထားကြသူများ ဖြစ်သဖြင့်    ၎င်းတို့နှင့်ပတ်သက်၍    ငြိမ်းချမ်းရေး နည်းလမ်းအရ  ဆွေးနွေးဆောင်ရွက်နေသည့်အဖွဲ့များဖြစ်ကြောင်း၊ သို့သော်  ၂၀၁၁ ခုနှစ်  ဒီမိုကရေစီ အသွင်ကူးပြောင်းပြီးနောက်ပိုင်းတွင်    အချို့သော တိုင်းရင်းသားအဖွဲ့များသည်        ဒီမိုကရေစီကို မျက်ကွယ်ပြု၍  လက်နက်ကိုင်ဆောင်ရွက်လာကြ ကြောင်း၊ ယခုအခါ ၂၀၂၀   ပြည့်နှစ်      ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ       မဲမသမာမှုကြောင့် ပေါ်ပေါက်လာသည့်   အကြမ်းဖက်အဖွဲ့အစည်းများရှိကြောင်း၊   အဆိုပါ အကြမ်းဖက်အဖွဲ့အစည်းများအား  မိမိတို့အနေဖြင့်    တွေ့ဆုံဆွေးနွေးရန်မရှိကြောင်း၊   မိမိတို့အနေဖြင့် ပြည်သူများကို  ကိုယ်စားပြုသည့် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံရန်    အကြိမ်ကြိမ်   ဆောင်ရွက်ခဲ့သော်လည်း      ပါတီအချို့အနေဖြင့်    လာရောက်တွေ့ဆုံဆွေးနွေးခြင်း            မရှိကြောင်း၊  အစုအဖွဲ့လိုက် ထောက်ခံသူပြည်သူများကို   ပါတီများ ကသာ       ကိုယ်စားပြုပြီး    ပုဂ္ဂလိကအနေဖြင့်       ကိုယ်စားပြုမှုမရှိကြောင်း၊ နိုင်ငံရေးပါတီများသည် ပြည်သူများကို   ကိုယ်စားပြုသည့်     နိုင်ငံရေးအဖွဲ့ အစည်းများဖြစ်သဖြင့်  ရွေးကောက်ပွဲကော်မရှင်နှင့်   တွေ့ဆုံဆွေးနွေးရန်   စီစဉ်ဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊    ဒီမိုကရေစီကို   မျက်ကွယ်ပြု၍မရဘဲ  အရေးယူရန်ရှိသူများကို    အရေးယူနိုင်ရေး     ဆောင် ရွက်လျက်ရှိကြောင်း၊ ဥပဒေအထက်တွင်  မည်သူမျှ ရှိ၍မရကြောင်း၊ ဥပဒေနှင့်ညီညွတ်မှုမရှိပါက ဥပဒေ နှင့်အညီသာ  အရေးယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊     နိုင်ငံတည်ငြိမ်အေးချမ်းမှုအပေါ်     မူတည်၍ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး          မိမိတို့အနေဖြင့်   အတတ်နိုင်ဆုံး        ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်းဖြင့်     ပြောကြားခဲ့ကြောင်း     သတင်းရရှိ သည်။

သတင်းစဉ်