
မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ပို့ကုန် တင်ပို့မှုအနေဖြင့် ဧပြီ ၂၃ ရက်မှ ဧပြီ ၂၄ ရက်အထိ လယ်ယာထွက်ကုန်ပစ္စည်းများ နှင့် CMP ပစ္စည်းများ တင်ပို့ခဲ့သည်။
ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများဖြစ်သော ပီလောပီနံ၊ ကြက်သွန်နီ၊ ငရုတ်၊ ကွမ်းသီးခြောက်နှင့် ပြောင်းတို့ဖြစ်ပြီး ရေထွက်ကုန် ပစ္စည်းများမှာ ဂုံး၊ ခရု၊ ငါးတီး၊ ပုစွန်၊ ငါးသလောက်၊ ကုလားကုတ်၊ ငါးခွေးလျှာ၊ ငါးဓားလွယ်နှင့် ငါးမြစ် ချင်းစီဖောင်းခြောက်တို့ ဖြစ်သည်။ CMP တင်ပို့မှုမှ အမျိုးသား/ အမျိုးသမီးဝတ် အထည်အလိပ်များ တင်ပို့လျက်ရှိသည်။
ယခုအခါ ထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်းကြောင့် စားသောက်ကုန် လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာခြင်းနှင့် စားသောက်ဆိုင်များတွင် အသုံးပြုရန် လိုအပ်ချက် ကြောင့် ဝယ်လိုအားမြင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။
ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်း များ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ် ရေးဇုန်မှ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက် ရှိသည်။
သွင်းကုန်တင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ အဝတ် အထည်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ငါးဖမ်းကိရိယာ၊ စားသောက်ကုန်၊ ဖိနပ်နှင့် ဖိနပ်ကုန်ကြမ်းပစ္စည်း၊ သစ်သီး၊ အထည်အလိပ်၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံး ပစ္စည်း၊ အိမ်သုတ်ဆေး၊ စက်နှင့် စက်ပစ္စည်းကိရိယာ များ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းနှင့် ကုန်ကြမ်းပစ္စည်းများ တင်သွင်းလျက်ရှိသည်။
ငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ် လျှင် ၈၂ ဒသမ ၈၅ ကျပ်သာရှိခဲ့ပြီး ယခုအပတ်တွင် တစ်ဘတ်လျှင် ၈၂ ဒသမ ၉၈ ကျပ်အထိ အနည်းငယ် မြင့်တက်လာသော်လည်း ပို့ကုန်နှင့် သွင်းကုန် လုပ်ငန်းများ ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။