ပြည် ဇွန် ၁၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန ပြည်မြို့နယ် ဝက်ထီးကန်တိုက်နယ်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၌ ယနေ့နံနက် ၁၀ နာရီက စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အမှတ် (၂) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း (ဝက်ထီးကန်) ကျောင်းအုပ်ကြီး ရဲမှူးကြီး ဆန်းကိုနှင့် ပြန်လည် ထူထောင်ရေးဦးစီးဌာန (မူးယစ်ဌာနခွဲ) ညွှန်ကြားရေးမှူး ဦးကျော်စွာ တို့က သင်တန်းဖွင့်အမှာစကားများပြောကြားပြီး စခန်းတာဝန်ခံ ဦးစဝင်းနိုင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။
သင်တန်းတွင် အဆိုပါစခန်းမှ မူးယစ်ဆေးဖြတ်ပြီးသူ သင်တန်းသား ၂၀ အား စိတ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင်ရေးနှင့် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ပေးပြီး စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများအပါအဝင် (ဆံပင်ညှပ်၊ ဆိုင်ကယ်ပြုပြင်ရေး၊ ဘိလပ်မြေဖြင့်အုတ်ပြုလုပ်နည်း၊ ဆပ်ပြာဆီပြုလုပ်နည်း)အစရှိသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်တန်းကာလ ရက် ၉၀ ကြာ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေး မှူး ဦးဇော်မင်းသိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့ အစည်းများ၊ သင်တန်းဆရာ ဆရာမများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းများ အပါအဝင် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းများနှင့် စေတနာ့ဝန်ထမ်း မူးယစ် ကြီးကြပ်ရေးမှူးသင်တန်းများ ဖွင့်လှစ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)



