
မူဆယ် နိုဝင်ဘာ ၄
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် မြို့နယ် မိုင်းယု(၁၀၅)မိုင်ကျေးရွာ အုပ်စု၊ အထက်နမ့်ဟွယ်ကျေးရွာ တွင် ကျေးရွာလုံးကျွတ် မီးရရှိရေး အတွက် ကိုယ့်အားကိုယ်ကိုး စနစ်ဖြင့် ဆောင်ရွက်ခဲ့သော ထရန်စဖော်မာဖွင့်ပွဲအခမ်းအနား ကို ယနေ့ နံနက်ပိုင်းက ကျေးရွာ ထိပ်၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် နမ့်ဟွယ်ကျေးရွာမှ ဝေဠုဝန် ကျောင်းထိုင်ဆရာတော် ဦးကေ လာသ၊ မူဆယ်ခရိုင်အုပ်ချုပ်ရေး မှူး ဦးအောင်ဇော်မိုး၊ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်(ဦးစီး) ဗိုလ်မှူးကြီး ဇေယျာလင်းနှင့် ကျေးရွာ မီးလင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးဆမ်လှတို့က ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးကြသည်။
မိုင်းယု(၁၀၅)မိုင် ကျေးရွာ အုပ်စုရှိ အထက်နမ့်ဟွယ်ကျေးရွာ တွင် ယခင်က တရုတ်နိုင်ငံမှ လျှပ်စစ်ဓာတ်အားကိုသွယ်တန်း ၍ မီးရယူခဲ့ကြသည်။ ရွှေလီ ရေအားလျှပ်စစ် ရရှိချိန်တွင် အဆိုပါ တရုတ်နိုင်ငံဘက်မှ ဓာတ်အားကို ဖြတ်တောက်ကာ မြန်မာနိုင်ငံဘက်မှ လျှပ်စစ် ဓာတ်အားကို သွယ်တန်းရန် ဆောင်ရွက်ခဲ့သော်လည်း အချိန် ကြာသည်အထိ လျှပ်စစ်မီးမရရှိ သဖြင့် ကျေးရွာနေပြည်သူများက ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ကျေးရွာ မီးလင်းရေးအတွက် ဆောင်ရွက်ခဲ့ကြရာ ယနေ့အချိန် တွင် ဒေသနေပြည်သူများ အတွက် မီးရရှိလာပြီဖြစ်သည်။
နမ့်ဟွယ်ကျေးရွာတွင် ၁၀၀ ကေဗွီအေ ထရန်စဖော်မာကို ကိုယ့်အားကိုယ်ကိုး စနစ်ဖြင့် ဒေသခံပြည်သူများက စုပေါင်း၍ မတည်ငွေကျပ် သိန်း ၃၅၀ ကျော် နှင့် ကမ္ဘာ့ဘဏ်မှ ချေးငွေကျပ် သိန်း ၄၂၀ ကျော် စုစုပေါင်း ငွေကျပ်သိန်း ၇၇၀ ကျော်ဖြင့်
တပ်ဆင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထရန်စဖော်မာမှ ကျေးရွာရှိ အိမ်ထောင်စုပေါင်း ၁၀၇ စု ကို မီးပေးနိုင်ရေး ဆောင် ရွက်ထားရှိကြောင်း မြို့နယ် လျှပ်စစ်ဌာနမှ သိရသည်။
ယင်းနောက် ဝေဠုဝန် ကျောင်းတိုက်တွင် နမ့်ဟွယ် ကျေးရွာ မီးလင်းရေးကော်မတီ ရန်ပုံငွေအတွက် ကျောင်းထိုင် ဆရာတော် ဦးကေလာသထံသို့ ခရိုင်စီမံခန့်ခွဲရေး ကော်မတီဝင် များမှ ငွေကျပ် ၁၀ သိန်း၊ ရွှေဖီ အောင်ရင်မိသားစု (ကိုယ်စား) သားကြီး ဦးစိုးမိုးအောင် (မန်ဂျယ်ပြည်သူ့စစ်)က ငွေကျပ် ၁၅ သိန်း၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီဝင်များက ငွေကျပ် ငါးသိန်းနှင့် မြို့နယ်လျှပ်စစ်ဌာန က ငွေကျပ် ငါးသိန်း စုစုပေါင်း ငွေကျပ်၃၅ သိန်းကို ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)