
မူဆယ် စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ရှိ မြန်မာ-တရုတ်နယ်စပ်လူဝင်/ထွက်ဂိတ်များမှ ခြောက်ညအိပ် ခုနစ်ရက် ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့် လက်မှတ်(TBP)များကို ပိုမိုလွယ်ကူလျင်မြန်ရေး အတွက် ရက်ချိန်းပေးစနစ်ဖြင့် မိမိတို့၏ သတ်မှတ် ရက်နှင့် သတ်မှတ်ဂိတ်မှတစ်ဆင့် ဝင်ရောက်နိုင်ရန် ယနေ့ နံနက် ၇ နာရီခွဲတွင် မူဆယ် - နမ့်ခမ်း နယ်စပ် ကုန်သည်ကြီးများအသင်းရုံးဝင်းတွင် ပြုလုပ်ဆောင် ရွက်ပေးသည်။
အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်
ထိုသို့ ရက်ချိန်းပေးစနစ်ဖြင့် ဆောင်ရွက်ပေးခြင်း ကို စက်တင်ဘာ ၁၃ ရက်မှစ၍ မန့်ဝိန်းဂိတ်ရှေ့ တွင် နန်းတော်ဂိတ်နှင့်ဆင်ဖြူဂိတ်တို့မှ တရုတ်နိုင်ငံ ဘက်သို့ ဝင်ရောက်မည့် မိဘပြည်သူများကို ယာယီ နယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ်(TBP)အား ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက် သုံးရက်စာ လူဦးရေ ၁၅၀၀ ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး တစ်ဘက်နိုင်ငံ သို့ သွားရောက်မည့်သူများက မိမိ၏သတ်မှတ်ရက်နှင့် သတ်မှတ်ဂိတ်တို့မှ အဆင်ပြေချောမွေ့စွာ ဝင်ရောက် နိုင်ပြီး ယခင်ကဲ့သို့ လာရောက်စောင့်ဆိုင်းနေရန် မလို တော့ကြောင်း သိရသည်။ ထို့အပြင် ယနေ့ စက်တင် ဘာ ၁၆ ရက်နေ့တွင်လည်း မူဆယ် - နမ့်ခမ်းနယ်စပ် ကုန်သည်ကြီးများအသင်းရုံးဝင်း၌ စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ ခုနစ်ရက်စာ လူဦးရေ ၃၅၀၀ အား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါလုပ်ငန်းစဉ်တွင် မူဆယ်ခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်း၏ ဦးဆောင်ကြီးကြပ်မှု ဖြင့် မူဆယ်မြို့နယ်ဦးစီးမှူး ဦးစန်းလွင်က အနီးကပ် လိုက်လံကြည့်ရှုစစ်ဆေး ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ် ရေးကွန်ရက်နှင့် ကမ်းလက်ကူညီပရဟိတအသင်း တို့မှ ပရဟိတလူငယ်များက ပူးပေါင်းပါဝင်ဆောင်ရွက် ပေးလျက် တန်းစီသည့်လူ မှန်/မမှန် စိစစ်ခြင်း၊ e-ID မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်းတို့ စိစစ်ဆောင်ရွက်ပေး ခဲ့ကာ အမည်မည်းစာရင်းနှင့် တရားခံပြေးစာရင်းများ ပါဝင်မှု ရှိ/မရှိတို့ကို တစ်ပါတည်းစစ်ဆေးနိုင်ရန် အတွက်လည်း သက်ဆိုင်ရာသတင်းတပ်ဖွဲ့နှင့် မှုခင်း တပ်ဖွဲ့များသို့ အမည်စာရင်း ကြိုတင်ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။
ဦးရေတိုးမြှင့်ဝင်ရောက်နိုင်ရေး
အဆိုပါ ရက်ချိန်းပေးစနစ်ဖြင့် ယာယီနယ်စပ် ဖြတ်သန်းသွားလာခွင့်လက်မှတ် (TBP) များကို တစ်ရက်လျှင် လူဦးရေ ၅၀၀ နှုန်းဖြင့် နန်းတော်ဂိတ်မှ ဦးရေ ၃၀၀ ဖြင့်လည်းကောင်း၊ ဆင်ဖြူဂိတ်မှ ဦးရေ ၂၀၀ ဖြင့်လည်းကောင်း ဝင်ရောက်နိုင်ရန် ဆောင်ရွက် ပေးလျက်ရှိပြီး ဦးရေတိုးမြှင့် ဝင်ရောက်နိုင်ရေး အတွက်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် လာရောက်လျှောက်ထားသူများပြား၍ ကျန်းမာရေးမကောင်းမွန်သူများနှင့် တန်းစီလျှောက် ထားရသောကြောင့် မူးမေ့လဲကျသူများကိုလည်း မိုင်းယု(၁၀၅)မိုင် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရှေးဦးသူနာပြုဆေးကုသခြင်းများဖြင့် ပါဝင်အားဖြည့် ဆောင်ရွက်ပေးလျက်ရှိပြီး ကိုယ်ဝန်ဆောင်မိခင်များ နှင့် ကျန်းမာရေးချို့တဲ့သူများအား ဦးစားပေးစနစ် အကန့်အသတ်ထား၍ စီစဉ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း မြို့နယ်ဦးစီးမှူး ဦးစန်းလွင်ထံမှ သိရသည်။
အယ်လ်စိုး(မူဆယ်)