မုန်တိုင်းကျရောက်ပြီးအချိန်တွင် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်လည်ပတ်နေစေရန် ကြိုးပမ်းဆောင်ရွက်သွားရမည်

 

စစ်တွေ    မေ  ၁၈


ကျန်းမာရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး   ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး ဒေါက်တာကြည်လွင်နှင့် တာဝန်ရှိသူများနှင့် အတူ  ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့    သူနာပြု သင်တန်းကျောင်းကျောင်းဝင်းအတွင်း  အမှိုက်များ ရှင်းလင်းနေမှုနှင့် အဆောက်အဦများ ပြင်ဆင်နေမှု ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။   

 


ယင်းနောက်    သင်တန်းကျောင်းအုပ်ကြီးနှင့် သင်တန်းသူ သင်တန်းသားများနှင့်တွေ့ဆုံကာ အားပေး စကားပြောကြားပြီး လိုအပ်သည်များကို မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။      ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်   တာဝန်ရှိသူများသည် စစ်တွေမြို့    တိုင်းရင်းဆေးရုံကြီးသို့     ရောက်ရှိရာ ပြည်နယ်တိုင်းရင်းဆေးပညာ      ဦးစီးဌာနမှူး  ဒေါ်သိန်းသိန်းဦးက  ဆေးရုံကြီး၏ ပျက်စီးဆုံးရှုံးမှု များကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များကို  ဖြည့်ဆည်းဆောင်ရွက်ပေးသည်။  
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများသည် စစ်တွေမြို့    ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး အထူးကုဆရာဝန်ကြီးများ၊ RRT(Rapid Response Team)  ဆေးအဖွဲ့များနှင့်   တွေ့ဆုံ၍  ပြည်ထောင်စုဝန်ကြီးက   ကျန်းမာရေးဝန်ထမ်းများ အနေဖြင့်  မုန်တိုင်းမကျရောက်မီ၊ ကျရောက်နေစဉ် နှင့်  ကျရောက်ပြီးအချိန်များတွင် ၂၄ နာရီပတ်လုံး ပြည်သူလူထု၏ ကျန်းမာရေးကို ကျရာအခန်းကဏ္ဍမှ နေ၍ စောင့်ရှောက်ပေးနေသည့်အတွက်   ကျေးဇူး တင်ရှိပါကြောင်း၊ မုန်တိုင်းကျရောက်ပြီး  အချိန်တွင် လည်း  ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ  စဉ်ဆက်မပြတ်   လည်ပတ်နေစေရန်  ကြိုးပမ်းဆောင်ရွက်သွားရမည်    ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လည်း ပျက်စီးသွားသည့် ကျန်းမာရေးအဆောက်အဦများကို ပထမဦးစားပေး အနေဖြင့် ပြင်ဆင်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း   ကျန်းမာရေးဝန်ထမ်း များအတွက်   လိုအပ်ချက်များကို     ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။  

 


ယင်းနောက် သက်ဆိုင်ရာအထူးကုဆရာဝန်ကြီး များက    လိုအပ်ချက်များကို      တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့်      ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က    လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။  

 


ထို့နောက်      ပြည်ထောင်စုဝန်ကြီးသည် ရသေ့တောင်မြို့နယ်နှင့် ပေါက်တောမြို့နယ်များသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်  သွားရောက်မည့် RRT(Rapid Response Team) ဆေးအဖွဲ့ ငါးဖွဲ့မှ တာဝန်ရှိသူများနှင့်   တွေ့ဆုံကာ   မုန်တိုင်းဒဏ်ခံ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းများ၊ တစ်ကိုယ်ရေ အသုံးဆောင်ပစ္စည်းများ   လုံလုံလောက်လောက် ယူဆောင်သွားရန်နှင့်   အားဖြည့်ဆောင်ရွက်ရမည့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအား    မှာကြား သည်။  

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့    ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံအားပေး စကားပြောကြားပြီး ရှေ့ဆက်လက် ဆောက်ရွက်ရမည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် ပတ်သက်၍ မှာကြားဖြည့်ဆည်း   ဆောင်ရွက်ပေး သည်။   ယနေ့တွင်    အထူးကုဆရာဝန်ဆေးအဖွဲ့ (Specialist Medical Team)က ဘုန်းတော်ကြီး ကျောင်း ခြောက်ကျောင်းနှင့် အနောက်စံပြ ရပ်ကွက်၊ သက္ကယ်ပြင်တိုက်နယ်ဆေးရုံတွင် ကျေးရွာနေပြည်သူ လူထုကို ဆေးကုသမှုပေးခဲ့ပြီး ပြည်သူ့ကျန်းမာရေး အဖွဲ့များက စစ်တွေမြို့ အနောက်စံပြရပ်ကွက်နှင့် မိဇံရပ်ကွက်ရှိ  ရေတွင်းရေကန်များအား   ကလိုရင်း ဆေးခတ်ပေးခဲ့ပြီး ရခိုင်ပြည်နယ်ရှိ အခြားမြို့နယ်များ တွင်ရှိသော အများပြည်သူ သောက်သုံးရေကန်များကိုများကိုလည်း ကလိုရင်းဆေးခတ်ပေးခဲ့ကြောင်း သိရသည်။                                        

သတင်းစဉ်