
မုဒုံ စက်တင်ဘာ ၁၇
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ တောင်သူ များ စပါးသီးနှံစိုက်ပျိုးမှုနှင့် အခြားစိုက်ပျိုးရေး ကဏ္ဍများ၌ အောင်မြင်ဖြစ်ထွန်းစေရန် မြန်မာ့ ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ယူရီးယားဓာတ်မြေသြဇာကို ပြည်နယ်အစိုးရ ၏ ညွှန်ကြားမှုဖြင့် သြဂုတ်လ ဒုတိယပတ်မှ စတင်ကာ ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ လယ်ယာမြေအတွက် လိုအပ်သည့် ယူရီးယား ဓာတ်မြေသြဇာများကို စျေးနှုန်းချိုသာစွာ အချိန်ကိုက် အချိုးကျ ထည့်သွင်းနိုင်မှသာ သီးနှံအထွက်နှုန်း ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း၊ မုဒုံမြို့နယ်၌ မိုးစပါးစိုက်ဧက ခုနစ်သောင်းကျော်ရှိရာ ယူရီးယားဓာတ်မြေ သြဇာ ၂၂၉၂ အိတ်ကို ရရှိထားပြီး စက်တင်ဘာ ၁၇ ရက်တွင် စိုက်ဘဏ်ချေးငွေ အစောဆုံး ပေးဆပ်သည့် မြို့နယ်အတွင်းရှိ ကျေးရွာ ခြောက်ရွာမှ တောင်သူများအား ယူရီးယား ဓာတ်မြေသြဇာ ၁၂၂၁ အိတ်ကို တစ်အိတ်လျှင် ကျပ် ၃၂၁၀၀ နှုန်းဖြင့် ဖြန့်ဝေရောင်းချပေး ခဲ့ကြောင်း သိရသည်။
မုဒုံသူ