
မန္တလေး နိုဝင်ဘာ ၂၅
]
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မီနီဘတ်ဂျက်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဆီစားသုံးမှု ဖူလုံစေရေးအတွက် ခရိုင် ခုနစ်ခု၌ ဆောင်းနေကြာစိုက်ဧက တစ်သိန်းကျော်ကို လျာထားစိုက်ပျိုးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ဆောင်းနေကြာစိုက်ဧကများကို ခရိုင် ခုနစ်ခုရှိ မြို့နယ်အလိုက်တွင် လျာထား ဧက တစ်သိန်းကျော်ကို စက်တင်ဘာလမှ စတင်ပြီး စိုက်ပျိုးမှုများပြုလုပ်ခဲ့ကာ ယနေ့ အချိန်ထိ ဆောင်းနေကြာဧက ၂၅၀၀၀ ကျော် ကို စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း၊ ကျန်ရှိ နေသေးသည့် ဧကများကိုလည်း ဆက်လက် စိုက်ပျိုးမှုများ ပြုလုပ်နေကြကြောင်း မန္တလေး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်တိုးတိုးဝင်းက ပြောသည်။
“တိုင်းဒေသကြီးအတွင်း ဆီစားသုံးမှု ဖူလုံ စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနကနေပြီး တော့ ဘဏ္ဍာနှစ်အလိုက် ဆီထွက်သီးနှံတွေကို စိုက်ပျိုးပြီး တစ်ဖက်တစ်လမ်းကနေ ဆောင်ရွက် ပေးနေပါတယ်။ ဆောင်းနေကြာစိုက်ပျိုးမှု ကိုလည်း
ယခုနှစ် စက်တင်ဘာလကုန်ကနေ စတင်စိုက်ပျိုးနေတာပါ။ နေကြာ တစ်ဧကအထွက်နှုန်း ပျမ်းမျှအနေနဲ့ ၂၆ တင်းခန့်ထွက်ရှိတယ်။ နေကြာဆီက ကျန်းမာရေးနဲ့ညီညွတ်တယ်။ ပြည်သူများအနေနဲ့ နေကြာဆီကို စားသုံးခြင်းကြောင့် အကျိုးကျေးဇူးများအနေနဲ့ နှလုံးသွေး ကြောကျဉ်းရောဂါ၊ အာရုံကြောရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါ စတဲ့ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါ ဆောင်းနေကြာကို ခရိုင်ခုနစ်ခရိုင်တွင် ဧကအလိုက် လျာထားစိုက်ပျိုးရာ မန္တလေးခရိုင်တွင် ၃၆၂ ဧက၊ ပြင်ဦးလွင်ခရိုင်တွင် ၆၆၂၅ ဧက၊ ကျောက်ဆည်ခရိုင်တွင် ၂၇၇၂၅ ဧက၊ မိတ္ထီလာခရိုင်တွင် ၈၃၆၂ ဧက၊ မြင်းခြံခရိုင်တွင် ၁၃၄၃၂ ဧက၊ ညောင်ဦးခရိုင်တွင် ၅၂၈၄ ဧက၊ ရမည်းသင်းခရိုင်တွင် ဧက ၃၉၅၀၀ စုစုပေါင်း စိုက်ဧက ၁၀၁၂၉၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါနေကြာကို စတင်စိုက်ပျိုးစဉ်မှ ရိတ်သိမ်းချိန်အထိ သက်တမ်း မှာ ၈၅ ရက်ရှိကြောင်း၊ တောင်သူများအနေဖြင့် နေကြာကို သီးထပ်သီး ညှပ်အဖြစ် ဝင်ငွေတိုးပွားစေရန် စိုက်ပျိုးကြကြောင်း၊ ဆီထွက်သီးနှံများ စိုက်ပျိုးရာတွင် နေကြာအပြင် မြေပဲ၊ နှမ်း၊ ပန်းနှမ်းနှင့် ဆီမုန်ညင်းများကို လည်း စိုက်ပျိုးကြကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)