
မန္တလေး အောက်တိုဘာ ၆
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ၆ လကာလတွင် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁၃ မြို့နယ်၌ ငွေကျပ်သန်း ၈၀၀ ကျော် အသုံးပြု၍ ကျေးလက်ကုန်ထုတ်လမ်းပေါင်း ၁၃ လမ်း ဖောက်လုပ်ပေးသွား မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းများအား တောင်သူများ၏ စိုက်ပျိုးထားသည့်သီးနှံများ ကွင်းထဲတွင် လေလွင့်မှုနည်းပါးစေရန်၊ ရာသီမရွေး ထုတ်လုပ်သယ်ပိုးနိုင်ရန်နှင့် ဈေးကွက်သို့ အချိန်မီတင်ပို့ ရောင်းချနိုင်ရေးအတွက် ရည်ရွယ်၍ ယခုဘဏ္ဍာနှစ် ၆ လဘတ်ဂျက်တွင် စိုက်ပျိုးရေးတောင်သူများအတွက် ပြည်ထောင်စုခွင့်ပြုရန်ပုံ ငွေကျပ် သန်း ၈၀၀ ကျော်ကိုအသုံးပြုပြီး ကျေးလက်ကုန်ထုတ်လမ်း ၁၃ လမ်း ဖောက်လုပ်ပေးသွားမည် ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးစိုးသန်းက ပြောသည်။
“ခုလိုမျိုး ကုန်ထုတ်လမ်းတွေ ဖောက်လုပ်ပေးနေတာဆိုရင် စိုက်ပျိုးရေးတောင်သူတွေ အကျိုးစီးပွားအတွက် လုပ်ဆောင်ပေးနေတာ ပါ။ ယခင်ကကုန်ထုတ်လမ်းတွေ မရှိတဲ့အခါမှာ စိုက်ပျိုးတဲ့သီးနှံတွေ ဟာ မိုးဒဏ်၊ လေဒဏ်တွေကြောင့် လေလွင့်မှုတွေနဲ့ ပျက်စီးမှုတွေ ဖြစ်ပေါ်ကြပါတယ်။ အဲဒါကြောင့် ကျေးလက်ကုန်ထုတ်လမ်းတွေ ဖောက်လုပ်ပေးနေတာပါ။ ကုန်ထုတ်လမ်းရှိတဲ့အတွက် အချိန်မရွေး ထုတ်လုပ်လို့ရပါတယ်။ ဒီလထဲမှာ တင်ဒါလုပ်ငန်းစဉ်တွေပြီးအောင် ဆောင်ရွက်ဖို့မှန်းထားပါတယ်။ တင်ဒါအောင်ကုမ္ပဏီနဲ့ ဆောင်ရွက် သွားမှာပါ” ဟု ၎င်းက ရှင်းပြသည်။
တောင်သူများအကျိုးစီးပွားအတွက် သီးနှံများကို ရာသီမရွေး ထုတ်လုပ်နိုင်ရန်အတွက် ယခုဘဏ္ဍာနှစ် ၆ လ ဘတ်ဂျက်တွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပေးမည့် မြို့နယ်များမှာ ပုသိမ်ကြီးမြို့နယ်၊ မတ္တရာ၊ သပိတ်ကျင်း၊ ပြင်ဦးလွင်၊ ငါန်းဇွန်၊ တောင်သာ၊ မြင်းခြံ၊ ဝမ်းတွင်း၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ မြစ်သားနှင့်ကျောက်ပန်းတောင်း စသည့်မြို့နယ်များရှိ တောင်သူ များအတွက် ဖောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)