မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးရွာ ၁၄ ရွာ၌ ရေရရှိရေးဆောင်ရွက်မည်

 

မန္တလေး   သြဂုတ်   ၃၁


မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးရွာ ၁၄ ရွာ၌ လာမည့်နွေရာသီကာလ ရေအခက်အခဲ မရှိစေရန်   ရေရရှိရေး   နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 


မန္တလေးတိုင်းဒေသကြီး  အစိုးရအဖွဲ့နှင့် ပြည်ထောင်စု၏ လမ်းညွှန်ချက်များအရ တိုင်း ဒေသကြီးအတွင်း၌ ရေအခက်အခဲရှိနိုင်သည့် ကျေးရွာ ၅၄ ရွာကို စိစစ်၍ခန့်မှန်းစာရင်းပြုစု ထားရှိကြောင်း၊ အဆိုပါ ကျေးရွာများအနက်  ကျေးရွာ  ၁၄  ရွာ၌  ယခုဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး တွင်းနက်တူးဖော် ခြင်း ရှစ်ခု၊ တွင်းတိမ်တူးဖော်ခြင်း   တစ်ခု၊ မြေသားရေကန်တူးဖော်ခြင်း သုံးခု၊ စိမ့်စမ်း ရေသွယ်ယူခြင်း တစ်ခုနှင့် ရေသန့်စင်လုပ်ငန်း တစ်ခု စုစုပေါင်း ၁၄ ခုကို အကောင်အထည် ဖော်   ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ   ညွှန်ကြားရေးမှူး ဦးကြည်စောက ပြောသည်။ 

 


“တိုင်းဒေသကြီးအတွင်းမှာ ရေခက်ခဲ ပြတ်လပ်နိုင်တဲ့ ကျေးရွာ ၅၄ ရွာကို စိစစ်တွေ့ရှိ ရတယ်။  အဲဒီရွာတွေမှာ   ရေပြတ်လပ်သွား လို့   ရေဖြန့်ဝေပေးခဲ့ရတာတော့  မရှိခဲ့ပါဘူး။ လက်ရှိအဲဒီကျေးရွာတွေမှာ ဘုံဘိုင်တွင်း ၃၃၁ တွင်း၊ တွင်းတိမ် ၂၇ တွင်း၊ တွင်းနက် ၇၁ တွင်း၊ မြေသားရေကန် ၃၄ ကန်၊ လက်တူးတွင်း ခြောက်တွင်း၊ အခြားနည်းလမ်း ခြောက်ခုတို့ကို ပြည်သူများအတွက်   ဆောင်ရွက်ပေးထား ပြီးတော့    ပုံမှန်လည်ပတ်လျက်ရှိပါတယ်။ တံတားဦးမြို့နယ်၊     ကျောက်ပန်းတောင်း မြို့နယ်၊ ညောင်ဦးမြို့နယ်၊ မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ သာ စည်မြို့နယ်၊ ပျော်ဘွယ် မြို့နယ်၊ ရမည်းသင်းမြို့နယ်များမှာရှိတဲ့ ကျေးရွာ တွေ ဖြစ်ပါတယ်။  အဲဒီ   ကျေးရွာတွေထဲကမှ ၁၄  ရွာကို   ရန်ပုံငွေရရှိမှုပေါ်    မူတည်ပြီး ဒီဘဏ္ဍာနှစ်မှာ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ” ဟု ညွှန်ကြားရေးမှူးက ပြောသည်။ 

 


အဆိုပါ ကျေးရွာ ၁၄ ရွာ၌ နွေရာသီကာလ ရေခက်ခဲပြတ်လပ်မှုမရှိစေရန် ယခုဘဏ္ဍာနှစ် တွင် ရေရရှိရေးနည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်သည့် ၂၂ ရွာ၌ လာမည့်ဘဏ္ဍာနှစ်တွင်   တိုင်းဒေသကြီးနှင့် ပြည်ထောင်စုရန်ပုံငွေရရှိမှုအပေါ်   မူတည်ပြီး တွင်းနက်   ကိုးခု၊   မြေသားရေကန်   ကိုးခု၊ ပိုက်သွယ်တန်းလုပ်ငန်း  တစ်ခုနှင့်   အခြား ဆက်စပ်လုပ်ငန်း သုံးခုတို့ကို ဆောင်ရွက်ပေး မည်ဖြစ်ကာ အခြား  ၁၈  ရွာကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။  


မင်းထက်အောင်(မန်းကိုယ်ပွား)