
နေပြည်တော် နိုဝင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၌ ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၉ ဒသမ ၇၅ သိန်း ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၂ နာရီတွင် မန္တလေး တိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင် အဝိုင်းအနီး ရန်ကုန် - မန္တလေး သွားကားလမ်းတွင် မျိုးမြင့်မောင်(ခ)ဖိုးသား မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၇၅ သိန်းနှင့် မြန်မာငွေကျပ် ၁၀ သိန်းတို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ မွန်းလွဲ ၂ နာရီခွဲတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် မျိုးညွန့်အောင်(ခ)အငယ်ချေ အား ပြည်ကြီးတံခွန် မြို့နယ် (ဆ)ရပ်ကွက်၊ ၅၆ လမ်း၊ ၁၃၀ လမ်းထောင့် တွင်လည်းကောင်း၊ ည ၇ နာရီခွဲတွင် ကျော်ကျော်ဝင်း (ခ)ဦးကျော်အား ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင် ရပ်ကွက် တံခွန်တိုင်အဝိုင်းအနီးတွင် မော်တော် ဆိုင်ကယ်တစ်စီးနှင့်လည်းကောင်း အသီးသီး ဖမ်းဆီး ရမိခဲ့ပြီး စိတ်ကြွရူးသွပ်ဆေးပြားများ အား မန္တလေးတိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်