မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ  ဆောင်းသီးနှံအတွက် အောက်တိုဘာတစ်လစာ ချေးငွေထုတ်ချေးမည်

 

မန္တလေး စက်တင်ဘာ ၂၄


မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် တိုင်းဒေသကြီးအတွင်းမှ တောင်သူ များအား   ဆောင်းသီးနှံအတွက်   အောက်တိုဘာ တစ်လစာအဖြစ် ငွေကျပ်သိန်း ၄၀၀၀ ကျော် ထုတ်ချေး မည်ဖြစ်ကြောင်း  ယင်းဘဏ်ခွဲမှ   တိုင်းဒေသကြီး မန်နေဂျာ    ဦးစိုးကိုကိုဝင်းက ပြောသည်။

 


မြန်မာ့လယ်ယာ     ဖွံ့ဖြိုးရေးဘဏ်ခွဲများမှ စိုက်ပျိုးတောင်သူများအား   ရာသီအလိုက်   သီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ        ထုတ်ချေးပေးခြင်းဖြင့် တောင်သူများအတွက်         တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပေးလျက်ရှိသည်။

 


“ဆောင်းသီးနှံချေးငွေအနေနဲ့    အောက်တိုဘာ လဆန်းထဲမှာ  ချေးပေးဖို့   လျာထားတာဖြစ်ပြီး ဒုတိယပတ်ထဲမှာ     ချေးငွေထုတ်ချေးနိုင်မှာပါ။ အောက်တိုဘာတစ်လစာအတွက်ဆိုပေမယ့် ဒီထက် မက ချေးငွေထုတ်ပေးဖို့ ရှိပါတယ်။ လောလောဆယ် ပထမဆုံးတစ်လစာ  ထုတ်ချေးလိုက်တဲ့အခါ အဆင် ပြေမလားဆိုပြီး ခန့်မှန်းလျာထားခြင်းဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။
အဆိုပါချေးငွေမှာ စပါးသီးနှံနှင့် အခြားသီးနှံ အတွက် ငွေကျပ်သိန်း    ၂၀၀၀ နှင့် အထူးနေကြာ စိုက်ပျိုးရန်အတွက်   ငွေကျပ် ၂၂၄၁ သိန်းဖြစ်ပြီး ချေးငွေများကို   အောက်တိုဘာလဒုတိယပတ်တွင် ထုတ်ချေးနိုင်မှမည်ဖြစ်ကာ  လိုအပ်ချက်ရှိလာပါက ဆက်လက်လျာထားပြီး ချေးငွေထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။

 


“စိုက်ပျိုးတောင်သူတွေကို နှစ်စဉ် မိုး၊ ဆောင်း၊ မိုးကြိုချေးငွေ ချေးပေးဖို့လျာထားပြီး စပါးအတွက် တစ်ဧက ကျပ်တစ်သိန်းခွဲနဲ့ အခြားသီးနှံတွေကိုတော့ တစ်ဧက ကျပ်တစ်သိန်းနှုန်းနဲ့ ထုတ်ချေးပါတယ်။ အတိုးနှုန်းကလည်း ၅ ရာခိုင်နှုန်းဖြစ်ပြီး သက်သာတဲ့ နှုန်းထားပါ”ဟု ဆက်လက်ပြောကြားသည်။

 


၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် မန္တလေးတိုင်းဒေသကြီးအတွင်း   ၂၃ မြို့နယ်ရှိ တောင်သူများအား ငွေကျပ်သန်း ၅၀၀၀၀ ကျော် ထုတ်ချေးရန် လျာထားခဲ့ရာ ယနေ့အထိ မိုးရာသီ သီးနှံချေးငွေကျပ် ၃၉၇၅၁ ဒသမ ၆ သန်း ထုတ်ချေး ထားပြီး စက်တင်ဘာ  ၃၀ ရက်အထိ ထုတ်ချေး မည်ဖြစ်ကြောင်း၊ ထိုသို့ စိုက်ပျိုးတောင်သူများအား ချေးငွေထုတ်ချေးပေးခြင်းကြောင့်      စိုက်ပျိုးရေး လုပ်ငန်းတွင် ထိရောက်မှုရှိကာ အချိန်မီစိုက်ပျိုးနိုင် ခြင်းဖြင့်        လယ်ယာကဏ္ဍ    ဖွံ့ဖြိုးတိုတက်လာမည် ဖြစ်သည်။                                  

 မောင်အေးချမ်း