
နေပြည်တော် စက်တင်ဘာ ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မန္တလေးမြို့မ တူရိယာအသင်းအတွက် ပေးအပ်ချီးမြှင့် သည့် တူရိယာပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ မြို့တော်ခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မန္တလေး မြို့မ တူရိယာအသင်းမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ချီးမြှင့်ထောက်ပံ့ခြင်းနှင့်ပတ်သက်၍ အမှာစကား ပြော ကြားသည်။ ထို့နောက် မန္တလေးမြို့မ တူရိယာအသင်း အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်(ကိုယ်စား) တိုင်းမှူးက တူရိယာပစ္စည်းများဖြစ်သည့် Drum Set မျိုးစုံ၊ Percussion(LPUSA)မျိုးစုံ၊ Violin ငါးလက်၊ Flute တစ်လက်၊ Clarinet တစ်လက်၊ Trumpet တစ်လက်၊ Saxophone တစ်လက်နှင့် Cello & Stand တစ်စုံ တို့ကို ပေးအပ်ရာ အသင်းနာယကက လက်ခံရယူ သည်။
ဆက်လက်၍ ဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သည့် ဆန်အိတ် ၄၀ ၊ ဆီပိဿာ ၂၀၊ ကုလားပဲပိဿာ ၄၀၊ ကြက်သွန်နီ ပိဿာ ၄၀ နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ အသင်းတာဝန်ရှိသူများက လက်ခံရယူကြပြီး တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်