
နေပြည်တော် ဒီဇင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး တံတား ဦးမြို့နယ်ရှိ မန္တလေးအပြည်ပြည် ဆိုင်ရာ လေဆိပ်၌ လေယာဉ်ဖြင့် လိုက်ပါမည့် ခရီးသည် အမျိုးသမီး တစ်ဦးထံမှ အကြမ်းဖက်ဖောက်ခွဲ ရေး ပြုလုပ်ရာတွင် အသုံးပြုမည့် ဒီတိုနေတာ ၉၈ ခု ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပါဝင်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ထံမှ ဒီတိုနေတာ အခု ၁၀၀၀ ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၀ ရက် နံနက် ၈ နာရီ ၂၅ မိနစ်တွင်
မန္တလေးတိုင်းဒေသကြီး တံတား ဦးမြို့နယ်ရှိ မန္တလေးပြည်ပြည် ဆိုင်ရာလေဆိပ် အမှတ်(၁)ထွက်ခွာ X-Ray စက်၌ တာဝန်ကျ တပ်ဖွဲ့ဝင်များက ခရီးသည်များကို ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက် နေစဉ် လေယာဉ်အမျိုးအစား ART-72 ၊ ခရီးစဉ်အမှတ် K7-771 ဖြင့် မန္တလေးမြို့မှ ခန္တီးမြို့သို့ လိုက်ပါမည့်ခရီးသည် စစ်ကိုင်း တိုင်းဒေသကြီး ခန္တီးမြို့နယ် ဆင်သေကျေးရွာနေ မမိုးမြင့်လှိုင် (၂၀)နှစ် (ဘ) ဦးဟွန်းထိုက်၏ ဂျပ်ဖာဘူးအတွင်းမှ ဖလူဇာ ဆေးကတ်များဖြင့် ရောနှော သယ်ဆောင်လာသည့် (SOD- Special Ordinary Detonator) တံဆိပ်ပါဘူးအတွင်းမှ အကြမ်း ဖက်ဖောက်ခွဲရေး ပြုလုပ်ရာတွင် အသုံးပြုမည့် ဒီတိုနီတာ ၉၈ ခုကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး မမိုးမြင့် လှိုင်၏ ထွက်ဆိုချက်အရ အဆိုပါ ဒီတိုနီတာများကို သယ်ဆောင် ခိုင်းခဲ့သည့် မဟာအောင်မြေ မြို့နယ် ဟေမမာလာတောင် ရပ်ကွက် ၃၈ လမ်းနှင့် ၃၉ လမ်း ကြားရှိ အိမ်အမှတ် (၄၀)နေ မအေးအေးချစ် (ခ) ဘုတ်ဆုံမ (၃၉)နှစ် (ဘ)ဦးသိန်းချစ်နှင့် သယ်ဆောင်လာသည့် ဒီတိုနေတာ များကို လွှဲပြောင်းလက်ခံပေးမည့် ဆင်သေကျေးရွာနေ မမိုးမြင့်လှိုင် ၏ မိခင်ဖြစ်သူ ဒေါ်လောဟွေ(ခ)ဒေါ်ကြောင်ဖဟွေ (ခ) ဒေါ်တင် သိန်း (၆၃) နှစ်တို့ကို ၎င်းတို့၏ နေအိမ်အသီးသီးတွင် ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ထပ်မံဖမ်းဆီးရမိ
ထိုသို့ ထပ်မံဖမ်းဆီးရမိသူ မအေးအေးချစ် (ခ) ဘုတ်ဆုံမ၏ ထွက်ဆိုချက်အရ ညနေ ၄ နာရီခွဲ တွင် ၎င်း၏နေအိမ်သို့ ဒီတိုနေတာ များ ထပ်မံလာရောက်ပို့ဆောင်သူ ချမ်းအေးသာစံမြို့နယ် ချမ်းအေး သာစံအရှေ့ရပ်ကွက် အမြောက် တန်း ဗလီဝင်းနေ ဦးသိန်းထွန်း (၄၇)နှစ် (ဘ) ဦးသိန်းမောင်နှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ဖြူဝင်း (ခ) ဇိုင်တွန်ပီ (၄၂) နှစ် (ဘ)ဦးမြင့်ဦးတို့ကို ဒီတိုနီတာကတ်သီး တစ်ဘူးလျှင် အခု ၁၀၀ စီပါ ၁၀ ဘူး၊ စုစုပေါင်း အခု ၁၀၀၀ နှင့် အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အရေးယူနိုင်ရေးဆောင်ရွက်
အထက်ပါ အကြမ်းဖက် ဖောက်ခွဲရေး ပြုလုပ်ရာတွင် အသုံးပြုမည့် ဒီတိုနေတာများ သယ်ယူပို့ဆောင်ခဲ့သည့် ဖမ်းဆီး ရမိသူ တရားခံများကို ဥပဒေနှင့် အညီ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်