မော်လမြိုင် ဇွန် ၁၂
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် အဖွဲ့ သည် မော်လမြိုင် အဝေးပြေးယာဉ်ရပ်နားစခန်း၌ အဝေးပြေးယာဉ်များ ပြေးဆွဲမှုအခြေအနေများကို ဇွန် ၁၀ ရက် က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ မော်လမြိုင်မြို့ လှိုင်ရပ်ကွက်ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းသို့ သွားရောက်၍ မော်တော်ယာဉ်လိုင်းများ၏ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု အခြေအနေများ၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေး တို့အတွက် အလေးထားဆောင်ရွက်မှုအခြေအနေ များအပေါ် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် မြို့နယ်အသီးသီးတို့၏ မော်တော် ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှုကော်မတီ များနှင့် တွေ့ဆုံခဲ့သည်။
ဆက်လက်၍ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးနှင့် ပြည်နယ်ကျန်းမာရေးဦးစီးမှူးတို့က ဖြည့်စွက်ဆွေးနွေးတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီများအနေဖြင့် သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မြို့နယ်များအလိုက် ပြေးဆွဲလျက် ရှိသည့် မော်တော်ယာဉ်လိုင်းများအနေဖြင့် ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်းများပျက်ကွက်ပါက စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူဆောင်ရွက်သွားရန် လိုအပ် မည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်များ မောင်းနှင် သွားလာမှုနှင့်စပ်လျဉ်း၍ လုံခြုံမှုနှင့် စနစ်ကျနမှုရှိရန် လိုအပ်ကြောင်း၊ မြေယာအသုံးပြုမှုအခြေအနေများ နှင့် စပ်လျဉ်း၍ ဥပဒေများနှင့်အညီ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြို့တွင်း/ နယ်ဝေး ပြေးဆွဲဆောင်ရွက်နေသည့် သက်ဆိုင်ရာ မော်တော်ယာဉ်များအား သက်ဆိုင်ရာမြို့နယ် ကော်မတီက ထိန်းသိမ်းကြီးကြပ်ဆောင်ရွက်ရန် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်ကြီးကြပ်မှု ကော်မတီများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)



