
အခမ်းအနားသို့ တက်ရောက်လာကြသည့် အနုပညာရှင်များအနက်မှ ဖက်ရှင်ဆု ရွေးချယ်ချီးမြှင့်သွားမည်
နေပြည်တော် ဧပြီ ၂၀
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော် စည်ပင် သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံ ဂီတအစည်း အရုံး ဥက္ကဋ္ဌ ဦးလွင်မြင့်၊ Nebula X Entertainment မှ တာဝန်ရှိသူ များ၊ ဆပ်ကော်မတီဥက္ကဋ္ဌများ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မကြာမီ ကျင်းပမည့် ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်၊ ၂၀၂၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသည် အနုပညာလောက ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အရှိန်အဟုန်တစ်ခုဖြစ်ပါ ကြောင်း၊ အနုပညာလောကအတွက်၊ ပြည်သူလူထုအတွက် အနှစ်သာရ ရှိပြီး စိတ်ဝင်စားမှုအရှိဆုံးအခမ်းအနားတစ်ခုလည်း ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ အရေးကြီးသည့် အခမ်းအနားတစ်ခုဟု ဆိုချင်ပါကြောင်း၊ မြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေး၊ ထူးချွန်အနုပညာရှင်၊ အတတ် ပညာရှင်များအား ဆုများပေးအပ်ချီးမြှင့်ရေးအတွက် အနုပညာရှင်များ ၏ဆန္ဒကို နားထောင်ပြီး အကောင်းဆုံးပြင်ဆင်ဆောင်ရွက်ထားပါ ကြောင်း၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ အနုပညာရှင် များအားလုံးက စိတ်တူကိုယ်တူဖြင့် မပျက်မကွက် ပူးပေါင်းပါဝင် တက်ရောက်ကြစေလိုပါကြောင်းနှင့် အခမ်းအနားသို့ တက်ရောက်လာ ကြသည့် အနုပညာရှင်များအနက်မှ ဖက်ရှင်ဆု ရွေးချယ်ချီးမြှင့်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က ဆွေးနွေး ပြောကြားပြီး လုပ်ငန်းကော်မတီ အတွင်းရေးမှူးက မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲအခမ်းအနားအတွက် ဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ Nebula X Entertainment Co.,Ltd မှ Art Director က မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပမည့် စင်မြင့် တွင် စိတ်ကူးပုံဖော်ဖန်တီးမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်လင်း တင်ပြသည်။
ထို့နောက် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန် ဦးမောင်မောင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခိုင် ထွန်းဦး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပရေး ဆပ်ကော်မတီ ဥက္ကဋ္ဌများ၊ တက်ရောက်လာကြသူများက ပါဝင်တင်ဆက်သွားမည့် အစီအစဉ်များ၊ တေးသီချင်းများအပါအဝင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များ အပေါ် ဖြည့်စွက်ဆွေးနွေးခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဒုတိယမြို့တော်ဝန်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ၊ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ အစည်းအဝေးတက်ရောက် လာကြသူများသည် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပမည့် နေပြည်တော်မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံ သို့ သွားရောက်ပြီး ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပမည့် စင်မြင့် တည်ဆောက်ပြီးစီးမှုအခြေအနေ၊ မီဒီယာဇုန်နှင့် ဂုဏ်ပြုခံလျှောက်လမ်း (Red Carpet) နေရာ၊ မုခ်ဦးများ တည်ဆောက်နေမှု၊ မီးအလှဆင်ခြင်း၊ LED တပ်ဆင်ခြင်း၊ အသံစနစ်တပ်ဆင်ခြင်းများအတွက် ပြင်ဆင်ထားရှိမှု၊ ပွဲခင်းထိုင်ခုံများ၊ ဖျော်ဖြေရေးစင်မြင့်များ၊ အုပ်ချုပ်မှုဆိုင်ရာနေရာ များ ပြင်ဆင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်