
ရန်ကုန် စက်တင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံ မြို့နယ် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း ပင်လုံခန်းမ၌ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် စေလွှတ် မည့် အလုပ်သမားများကို ပြည်ပအလုပ်အကိုင် အကျိုး ဆောင်(ထိုင်း) လိုင်စင်ရအေဂျင်စီ များက စာချုပ် ချုပ်ဆိုပေးနေမှုနှင့် မိသားစုလွှဲပို့ငွေများ အဆင်ပြေ ချောမွေ့စွာပေးပို့နိုင်ရေး ပုဂ္ဂလိက ဘဏ်များက ယနေ့တွင် ဝန်ဆောင်မှုပေးလျက်ရှိသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု ကို အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ယနေ့မွန်းလွဲပိုင်းတွင် သွားရောက် ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးစဉ် ဒုတိယ ဝန်ကြီးက အလုပ်သမားများထံမှ ကောက်ခံရမည့် ဝန်ဆောင်စရိတ် နှုန်းထားကို သတ်မှတ်နှုန်းထက် ပိုမိုကောက်ခံခြင်း မပြုရန်၊ ထိုင်းနိုင်ငံဘက်နှင့် မြန်မာနိုင်ငံ ဘက်မှ သတ်မှတ်ထားသည့် ဝန်ဆောင်စရိတ်ထက် ပိုမိုပေး ဆောင်ရခြင်းမရှိရေး လိုင်စင်ရ အေဂျင်စီများက အလေးထား ဆောင်ရွက်ရန်နှင့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် အခက်အခဲရှိပါ က ရွှေ့ပြောင်းအလုပ်သမားဌာနခွဲ နှင့် တိုင်ကြားမှုဌာနသို့ သတ်မှတ် ထားသည့် ဖုန်းနံပါတ်များဖြင့် ဆက်သွယ် တိုင်ကြားနိုင်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍လည်း ဒုတိယ ဝန်ကြီးက မြန်မာနိုင်ငံသားများ အနေဖြင့် လိုင်စင်ရအေဂျင်စီ များဖြင့် ချိတ်ဆက်ခြင်းမရှိဘဲ တရားမဝင် ပို့ဆောင်သူ/ ပွဲစား များနှင့် ချိတ်ဆက်၍ တရား မဝင် သွားရောက်ခြင်းကြောင့် လူကုန်ကူးခံရခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ ဥပဒေနှင့် အညီ ကာကွယ်စောင့်ရှောက်မှုများ အပြည့်အဝ မရရှိခြင်းနှင့် အခြား သော လူ့အခွင့်အရေး ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ပြီး အခက်အခဲ မျိုးစုံ ကြုံတွေ့လာနိုင်သဖြင့် MoU လုပ်ငန်းစဉ်အတိုင်း တရားဝင် သွားလာရန်လိုကြောင်း။
ပြည်ပသို့ တရားဝင် သွားရောက် လုပ်ကိုင်ခြင်းဖြင့် ဥပဒေနှင့်အညီ အလုပ်သမားအခွင့် အရေး ကာကွယ်စောင့်ရှောက်မှု များ အပြည့်အဝရရှိနိုင်ပြီး လူကုန် ကူးခံရမှု မဖြစ်ပွားနိုင်ခြင်း၊ ဆိုက်ရောက်နိုင်ငံများ၌ လွတ်လပ် စွာ သွားလာနိုင်ခြင်း၊ လုပ်ငန်းခွင်၌ စိတ်ချလုံခြုံစွာ လုပ်ကိုင်နိုင်ခြင်း အကျိုးကျေးဇူးများ ခံစားရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် ပြည်ပတွင် နေထိုင်စဉ် ရွှေ့ပြောင်း အလုပ်သမားများ ပြန်လည်ပေးပို့သည့် ဝင်ငွေသည် နိုင်ငံ့စီးပွားအတွက် များစွာ အထောက်အကူဖြစ်စေ၍ မိသားစု လွှဲပို့ငွေများ တရားဝင်လွှဲပို့နိုင်ရေး အေဂျင်စီများအနေဖြင့် ရွှေ့ပြောင်း အလုပ်သမားများကို ဆိုက်ရောက် နိုင်ငံရှိ ဗဟိုဘဏ်မှ ခွင့်ပြုပေး ထားသော ပုဂ္ဂလိက မြန်မာနိုင်ငံ သားဘဏ်များဖြင့် ချိတ်ဆက် ပေးပို့နိုင်ရေး ကူညီဆောင်ရွက် ပေးရန်လိုကြောင်း။
ပြည်ပအလုပ်အကိုင် အကျိုး ဆောင်လိုင်စင်ရ အေဂျင်စီများ အနေဖြင့် လက်ခံနိုင်ငံသို့ အလုပ် သမားများမထွက်ခွာမီ မြန်မာနိုင်ငံ ရှိ နိုင်ငံခြားငွေလွှဲပို့နိုင်မည့် ဘဏ် တစ်ခုခု၌ ဘဏ်စာရင်းဖွင့်လှစ်၍ အဆိုပါ ဘဏ်မှတစ်ဆင့် မိသားစု လွှဲပို့ငွေကို မြန်မာအလုပ်သမားမှ တရားဝင် လွှဲပို့နိုင်ရေးအတွက် အေဂျင်စီမှ ကူညီဆောင်ရွက်ပေး ရန်နှင့် စည်းကမ်းချက်နှင့်အညီ စေတနာထား ဆောင်ရွက်ပေးရန် လိုကြောင်း။
ပြည်ပမှ ငွေလွှဲသည့် ဝန်ဆောင်မှုဆောင်ရွက်ခွင့် ရရှိ ထားသည့် ရွှေဘဏ်၊ ကမ္ဘောဇ ဘဏ်၊ United Amara ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ မြန်မာ မိုဘိုင်းလ် ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီလီမီတက်မှ ထိုင်းနိုင်ငံ တွင် ရွှေ့ပြောင်းလုပ်သားများ အတွက် မိသားစုလွှဲပို့ငွေ များ အဆင်ပြေချောမွေ့စေရေး ဆောင်ရွက် ပေးလျက်ရှိရာ ရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် ယုံကြည်စိတ်ချစွာ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ဒုတိယဝန်ကြီးက ပြောကြား သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ မလေးရှား နိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ပြည်ပရောက် မြန်မာနိုင်ငံသား များမှ ပြန်လည်ပေးပို့သော မိသားစုလွှဲပို့ငွေမှာ အမေရိကန် ဒေါ်လာ ၂၆၄ သန်းကျော် ရှိ ကြောင်း သိရသည်။
သတင်းစဉ်