
ရန်ကုန် ဇူလိုင် ၂
မြန်မာ့ပထမဆုံး ဘူမိဥယျာဉ်ဖြစ်သော ပုပ္ပားတောင် ဘူမိဥယျာဉ်၌ ဆောင်ရွက်မည့် ဘူမိအခြေပြု ခရီးသွားလုပ်ငန်း ကို စတင်အသက်သွင်းရန်အတွက် ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း အဆိုပါလုပ်ငန်းကို လုပ်ကိုင်မည့် မဟာဂီရိ Community Base Geotourism Services မှ ကိုတင်ကိုမင်း က ပြောကြားသည်။
အဆိုပါဘူမိအခြေပြုခရီးသွားလုပ်ငန်းအတွက် ဇူလိုင်လ မကုန်မီ Package ရောင်းရန် စီစဉ်ဆောင်ရွက်ထားကြောင်း လည်း မဟာဂီရိ Community Base Geotourism Services မှ သိရသည်။
“ဘူမိအခြေပြုခရီးသွားလုပ်ငန်းက စတော့စနေ ပြီ။ဒါပေမယ့် ကျွန်တော့်ဆီမှာ အချက်အလက် မစုံ သေးတာ၊ အဖွဲ့ထဲမှာလည်း training ပြန်ပေးရမှာ လည်းရှိတော့ ဒီလထဲမှာ စဖို့ပြင်ဆင်နေတယ်။ ဒီလ ထဲ Package တစ်ခုရောင်းဖြစ်အောင် ရောင်းမယ်လို့ စိတ်ကူးထားတယ်။ ဒီလထဲ လဝက်နောက်ပိုင်း လမကုန် ခင် လုပ်ဖြစ်ဖို့များတယ်။ နောက်ဆုံးအပတ်ထဲ ဖြစ်နိုင်ခြေမျှော်လင့်ထားတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ခရီးသွားလုပ်ငန်း အမျိုးအစားမှာ အသစ်အဆန်းဖြစ်နေသည့်အတွက် လူစိတ်ဝင်စားမှု အထိုက်အလျောက်ရှိပြီး မီးတောင်ဖြစ်စဉ်နှင့် ပတ်သက်သည့် ဗဟုသုတများကိုလေ့လာခွင့်ရရှိမည် ဖြစ်ကာ ဇီဝမျိုးစိတ်များနှင့်ပတ်သက်၍လည်း လေ့လာခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
“သူတို့ သတ်မှတ်ထားတာမှာ တစ်နေရာနဲ့ တစ်နေရာ တော်တော်ဝေးတာတွေလည်း ရှိတယ်။ အဲဒီနေရာတွေက သွားလို့လာလို့ လွယ်တဲ့နေရာ၊ အဆင်ပြေတဲ့နေရာတွေ၊ အဲဒီနေရာရဲ့ အကြောင်းအရာ တွေကို ပြန်ရှင်းပြပေါ့။ လူငယ်တွေပိုင်းနဲ့ Private School က ကလေးတွေ ပိုလာနိုင်မယ်လို့ မျှော်လင့်ရ တယ်။ ကျန်တဲ့သူတွေကတော့တောင်တက် ပိုင်းရှိနေ တယ်” ဟု ကိုတင်ကိုမင်းက ပြောသည်။
မဟာဂီရိအဖွဲ့အစည်းအနေဖြင့် လက်ရှိတွင် ပုပ္ပားတောင်တက် ဝန်ဆောင်မှုလုပ်ငန်း၊ ပုပ္ပား မျောက်မြီးရှည် ထိန်းသိမ်းရေးလုပ်ငန်းကိုလည်း လုပ်ကိုင်နေသည့်အပြင် ဘူမိအခြေပြုခရီးသွား လုပ်ငန်းတို့ကို တိုးချဲ့လုပ်ကိုင်ရန် ဆောင်ရွက်နေပြီး ပုပ္ပားဒေသက ရှားပါးတိရစ္ဆာန်များဖြစ်သည့် ပုပ္ပား မြွေပွေးတက်တူ၊ ပုပ္ပားတောက်တဲ့ပျံများကိုလည်း ထိန်းသိမ်းရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ MT