
နေပြည်တော် ဧပြီ ၁၈
မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် ရုရှား Bloggers အဖွဲ့အား ယနေ့ ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၊ ပြည်သူ့ဆက်ဆံရေး နှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည် တော်ရှိ မြတ်တော်ဝင်ဟိုတယ်၌ ညစာဖြင့်တည်ခင်း ဧည့်ခံသည်။
ညစာစားပွဲသို့ မြန်မာ - ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်နှင့်အတူ တာဝန်ရှိသူများ တက်ရောက် ကြပြီး ရုရှား Bloggers အဖွဲ့ခေါင်းဆောင်၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်းအတွင်းရေးမှူး Mr. Seferov Rushen နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ခရီးစဉ်နှင့်ပတ်သက်၍ နှုတ်ခွန်း ဆက်စကားပြောကြားပြီး ရုရှားနိုင်ငံ Bloggers အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ရုရှားနိုင်ငံ Bloggers အဖွဲ့ ခေါင်းဆောင် Mr. Seferov Rushen ကို အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်သည်။
အဆိုပါ ရုရှား Bloggers အဖွဲ့သည် မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်း၏စီစဉ်မှုဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖိတ်ကြား ချက်အရ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ခြင်း ဖြစ်ပြီး ရုရှား Bloggers အဖွဲ့တွင် ရုရှားနိုင်ငံမှ ရုပ်ရှင်၊ ဂီတ၊ ဒီဇိုင်နာ၊ ပန်းချီနှင့် မီဒီယာပညာရှင်များ ပါဝင် ကာ မြန်မာနိုင်ငံသို့ ဧပြီ ၁၂ ရက်တွင် စတင်ရောက်ရှိ ခဲ့၍ နိုင်ငံအတွင်းရှိ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပုဂံ၊ ပြင်ဦးလွင် စသည့်မြို့များရှိ အထင်ကရနေရာ များအား လေ့လာကြည့်ရှုခြင်း၊ မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲခြင်းများ ဆောင်ရွက်ခဲ့သည်။ ၎င်းတို့ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံ၏ အထင်ကရနေရာများနှင့် အတာ သင်္ကြန်ပွဲတော် ပါဝင်ဆင်နွှဲခဲ့မှုများကို ၎င်းတို့နိုင်ငံရှိ Online Website များ၌ လွှင့်တင်ခြင်းများနှင့် ထုတ်လွှင့်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ထိုသို့ဆောင်ရွက် မှုများကြောင့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့၊ အစားအသောက်များ၊ မြန်မာနိုင်ငံ၏ ရှုခင်းအလှ အပများကို ရုရှားပြည်သူများ ပိုမိုသိရှိလာနိုင်မည်ဖြစ် ကြောင်းနှင့် ယခုကဲ့သို့ ရုရှား Bloggers အဖွဲ့ မြန်မာ နိုင်ငံသို့ လာရောက်လည်ပတ်ခြင်းဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကိုသာမက ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက်ခိုင်မာစေမည်ဖြစ် သကဲ့သို့ ခရီးသွားလုပ်ငန်းများ တိုးတက်ရေးအတွက် လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု စေမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်