
အဏ္ဏဝါသုတေသီတစ်ဦး
၁။ စကြဝဠာအဖွဲ့အစည်းတွင် ပါဝင်သော နေအဖွဲ့အစည်း (Solar System) အတွင်း ကမ္ဘာအပါအဝင် ဂြိုဟ်များနှင့် ဂြိုဟ်ရံလများသည် နေကို ပတ်လမ်းတစ်ခုစီဖြင့် လှည့်ပတ်လျက်ရှိပါသည်။ ကမ္ဘာသည် နေကိုဗဟိုပြု၍ ဘဲဥပုံလမ်းကြောင်းအတိုင်း ၂၃.၅ ဒီဂရီတိမ်းစောင်းကာ လှည့်ပတ်လျက်ရှိပါသည်။ ထို့ကြောင့် နေပတ်လမ်းကြောင်းသည် အီကွေတာမျဉ်းပေါ်သို့ တစ်နှစ်လျှင် ၂ ကြိမ်ရောက်ရှိပြီး ကမ္ဘာ တိမ်းစောင်းရာ ၂၃.၅ ဒီဂရီ အမှတ်နေရာ ၂ ခုပေါ်သို့ တစ်နှစ်လျှင် ၂ ကြိမ် ရောက်ရှိပါသည်။
နက္ခတ်ဗေဒဥတု ၄ မျိုးဖြစ်ပေါ်လာခြင်း
၂။ နေသည် နေပတ်လမ်းကြောင်းအတိုင်း ၂၃.၅ ဒီဂရီအတိုင်း တိမ်းစောင်း၍ လှည့်ပတ်လျက်ရှိခြင်း ကြောင့် တစ်နှစ်လျှင် နေ၏မြင့်ထောင့် (Sun Declination) သည် ၀ ဒီဂရီသို့ ၂ ကြိမ်၊ ၂၃.၅ ဒီဂရီသို့ ၂ ကြိမ်ရောက်ရှိရာမှ နွေဦးရာသီ (Spring)၊ နွေရာသီ (Summer)၊ ဆောင်းဦးရာသီ (Autumn) နှင့် ဆောင်းရာသီ (Winter) ဟူ၍ နက္ခတ်ဗေဒဥတု (Astronomical Season) ၄ မျိုး ဖြစ်ပေါ်လာခဲ့ရပါသည်။
၃။ နေ၏မြင့်ထောင့်သည် အီကွေတာမျဉ်း(သုညဒီဂရီ) သို့ မတ်လ ၂၁ ရက် (First Point of Aries' − Vernal Equinox') အား စတင်ဖြတ်ကျော်ချိန်မှစ၍ နေပတ်လမ်းကြောင်း၏ အမြင့်ဆုံးမြင့်ထောင့် ၂၃.၅ ဒီဂရီသို့ ရောက်ရှိချိန် ဇွန်လ ၂၂ ရက် ဥတ္တရယာဉ်စွန်းတန်း၊ သို့မဟုတ် မြောက်ယာဉ်စွန်းတန်း (Summer Solstice) အထိ ၃ လတာကာလအား ဥရောပနိုင်ငံများအတွက် နွေဦးရာသီ(Spring)အဖြစ် သတ်မှတ် ကြပါသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ တောင်ဘက်စွန်း ကော့သောင်းမြို့သည် အီကွေတာမှ လတ္တီတွဒ် ၁၀ ဒီဂရီခန့်သာကွာဝေးသဖြင့် ထိုကာလအား ပူအိုက်သောနွေရာသီ (Summer) အဖြစ် သတ်မှတ်ပါသည်။
ပုံ(၁) နေပတ်လမ်းကြောင်းပြပုံ
၄။ ထို့နောက် နေသည် မြောက်ကမ္ဘာဘက်ခြမ်းရှိ နေပတ်လမ်းကြောင်း၏ အမြင့်ဆုံးမြင့်ထောင့် ၂၃.၅ ဒီဂရီမှ အီကွေတာ ၀ ဒီဂရီမျဉ်းသို့ မြောက်မှ တောင်ပတ်လမ်းအတိုင်း ပြန်လည်ဆင်းသက်လာချိန်တွင် ဥရောပနိုင်ငံများအတွက် နွေရာသီ (Summer Season) အား တွေ့ကြုံခံစားရပြီး မြန်မာနိုင်ငံအတွက်မူ အနောက်တောင်မုတ်သုံလေ အားကောင်းသောကာလဖြစ်သောကြောင့် ပူအိုက်စွတ်စိုသော မိုးရာသီ (Rainy Season)အား တွေ့ကြုံရပါသည်။
၅။ နေသည် မြောက်မှတောင်သို့ နေပတ်လမ်းကြောင်းအတိုင်း အီကွေတာ ၀ ဒီဂရီမျဉ်းအား ပြန်လည် ဖြတ်ကျော်ချိန် စက်တင်ဘာလ ၂၃ ရက် (First Point of Libra−'Autumnal Equinox')မှစ၍ တောင်ကမ္ဘာ ဘက်ခြမ်းရှိ နေပတ်လမ်းကြောင်း၏ အမြင့်ဆုံးမြင့်ထောင့် ၂၃.၅ ဒီဂရီသို့ရောက်ရှိချိန် ဒီဇင်ဘာလ ၂၂ ရက် ဒဏ္ခိဏယာဉ်စွန်းတန်း၊ သို့မဟုတ် တောင်ယာဉ်စွန်းတန်း (Winter Solstice) အထိ ၃ လတာ ကာလအား ဥရောပနိုင်ငံများအတွက် ဆောင်းဦးရာသီ (Autumn) အဖြစ် သတ်မှတ်ပါသည်။ ထိုအချိန်တွင် နေသည် တောင်ကမ္ဘာခြမ်းသို့ ရောက်ရှိနေသဖြင့် မြောက်ကမ္ဘာခြမ်းရှိ မြန်မာနိုင်ငံသည် အေးမြသော ဆောင်းရာသီ(Winter Season) အား ခံစားနေရပါသည်။
၆။ ၎င်းနောက် နေသည် တောင်ကမ္ဘာခြမ်းရှိ နေပတ်လမ်းကြောင်း၏ အမြင့်ဆုံးမြင့်ထောင့် ၂၃.၅ ဒီဂရီ မှ နေပတ်လမ်းကြောင်း အီကွေတာ ၀ ဒီဂရီမျဉ်းသို့ဖြတ်သည့် မတ်လ ၂၁ ရက် (First Point of Aries'− Vernal Equinox') သို့ ပြန်လည်ရောက်ရှိချိန်အထိ ၃ လတာကာလအား ဥရောပနိုင်ငံများအတွက် ဆောင်းရာသီ (Winter Season)အဖြစ် တွေ့ကြုံကြရပြီး မြန်မာနိုင်ငံအတွက်မူ ဆောင်းအကုန် နွေအကူး ကာလသို့ ရောက်ရှိနေပြီဖြစ်ကြောင်းတွေ့ရှိရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအပေါ်နေဖြတ်သန်းသွားလာသည့် မြို့ရွာများနှင့်
ပြောင်းလဲဖြစ်ပေါ်နေသော ရာသီဥတုအခြေအနေ
၇။ နေ၏မြင့်ထောင့်(Sun Declination)ကို နှစ်အလိုက်ထုတ်ဝေသော ရေကြောင်းဆိုင်ရာ နက္ခတ်တာရာ ပြက္ခဒိန် (Nautical Almanac) ရှိ ဇယားများတွင် လအလိုက်၊ နေ့ရက်အလိုက် ကြည့်ရှုကာ တွက်ချက်နိုင် ပါသည်။ ၂၀၂၂ ခုနှစ် ဧပြီလ ၁၆ ရက်မှ သြဂုတ်လ ၂၇ ရက်အတွင်း ဖော်ပြပါဇယားအတိုင်း မြန်မာနိုင်ငံရှိ မြို့များအပေါ်သို့ ဖြတ်သန်းလျက်ရှိပါသည်။ နေသည် နေပတ်လမ်းအတိုင်း ကော့သောင်းမြို့အပေါ်သို့ ဧပြီလ ၁၆ ရက်တွင် စတင်ဖြတ်သန်းခဲ့ပြီးနောက်ပိုင်းမှစ၍ နွေအကုန် မိုးအကူးကာလကို ကူးပြောင်းခဲ့ ပါသည်။
၈။ ထို့နောက် နေသည် ဥတ္တရယာဉ်စွန်းတန်း သို့မဟုတ် မြောက်ယာဉ်စွန်းတန်းသို့ ဇွန်လ ၂၂ ရက်တွင် ရောက်ရှိပြီး တီးတိန် − တကောင်း − ကွတ်ခိုင်မြို့များအနီးမှ ဖြတ်သန်းကာ နေပတ်လမ်းကြောင်းအတိုင်း တောင်ဘက်သို့ ဆက်လက်ရွေ့လျား၍ ဇူလိုင်လ ၂၄ ရက်တွင် နေပြည်တော်အပေါ်သို့ တစ်ကျော့ ပြန်လည်ဖြတ်ကျော်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၉ ရက်၊ ၂၀ ရက်နှင့် ၂၇ ရက်များတွင် ကျွန်းစုမြို့၊ မြိတ်မြို့နှင့် ကော့သောင်းမြို့များအပေါ်သို့ အသီးသီးဖြတ်သန်းသွားမည်ဖြစ်ပြီး ဆက်လက်၍ အီကွေတာ ပေါ်သို့ စက်တင်ဘာလ ၂၃ ရက်တွင် ရောက်ရှိဖြတ်သန်းကာ တောင်ကမ္ဘာခြမ်းသို့ ဆက်လက်ရွေ့လျား သွားမည်ဖြစ်ပါသည်။ အီကွေတာပေါ် သို့ စက်တင်ဘာလ ၂၃ ရက် ဖြတ်သန်းချိန်နောက်ပိုင်းကာလမှစ၍ မိုးအကုန် ဆောင်းအကူးကာလသို့ ကူးပြောင်းလာမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံပေါ်သို့ နေပတ် လမ်းကြောင်းအတိုင်း နေဖြတ်သန်းသွားလာမည့်အချိန်၊ နေရာနှင့် ပြောင်းလဲ ဖြစ်ပေါ်လာသော ရာသီဥတု အခြေအနေများအား ဗဟုသုတရရှိစေရန်ရည်ရွယ်၍ တင်ပြလိုက်ရပါသည်။
ရည်ညွှန်းကိုးကား
The Nautical Almanac 2022
Admiralty Manual of Navigation BR 45, Volume II
- Log in to post comments