မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ်စဉ် ( ၇ /၂၀၂၄)

၁။    မြန်မာနိုင်ငံလုံးဆိုင်ရာ  အမျိုးသမီးကော်မတီကို  ဖွဲ့စည်းခဲ့သည့်  ဇူလိုင်လ ၃ ရက်နေ့ကို  မြန်မာအမျိုးသမီးများနေ့အဖြစ် နိုင်ငံတော်က သတ်မှတ်ခဲ့ပါသည်။   မြန်မာနိုင်ငံရှိလူဦးရေ၏   ထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်ပြီး နိုင်ငံအတွက် အဖိုးတန်သော လူသားအရင်းအမြစ် များဖြစ်ပါသည်။  အမျိုးသမီးများသည်  အမျိုးသားများနှင့် တန်းတူ ညီမျှ အခွင့်အရေးရှိပြီး  နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာ နှင့်   ယဉ်ကျေးမှုနယ်ပယ်များတွင်  ခွဲခြားဆက်ဆံမှုကင်းစွာ  ပါဝင် ဆောင်ရွက်ခွင့်ရှိသူများ ဖြစ်ပါသည်။
၂။    ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းတွင်      အမျိုးသားနှင့် အမျိုးသမီးတန်းတူအခွင့်အရေးရှိကြောင်း    ဖော်ပြထားရှိသကဲ့သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်လည်း  အမျိုးသမီးအခွင့်အရေးများ   ခံစားခွင့်ရရှိစေရေး နှင့်စပ်လျဉ်း၍  ပြဋ္ဌာန်းထားပါသည်။ မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီး များ၏    အခွင့်အရေးများကို   လေးစားပြီး    အသိအမှတ်ပြုသည့် အားလျော်စွာ  အပြည်ပြည်ဆိုင်ရာ  လူ့အခွင့်အရေး စာချုပ်ကြီးတစ်ခု ဖြစ်သော   အမျိုးသမီးများအပေါ်    နည်းမျိုးစုံဖြင့်ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ    သဘောတူစာချုပ်   (Convention  on  the Elimination of All forms of Discrimination Against Women - CEDAW)၏ အဖွဲ့ဝင်နိုင်ငံအဖြစ်  ၁၉၉၇ ခုနှစ်က ပါဝင်လက်မှတ်ရေးထိုး ခဲ့ပြီး   အမျိုးသမီးများ၏  အခွင့်အရေးများကို ဖြည့်ဆည်းကာကွယ် ဆောင်ရွက်ပေးလျက်ရှိပါသည်။ 
၃။    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့် အရေးမြှင့်တင်ရေးနှင့် စပ်လျဉ်း၍ အသိပညာပေးလျက်ရှိရာတွင် ကိုယ်ဝန်ဆောင်မိခင်များ၊   မသန်စွမ်းသူများ၊    အမျိုးသမီးငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် အမျိုးသမီးများ၏ အခွင့်အရေးများကို ထည့်သွင်းပို့ချလျက်ရှိပါသည်။   ထို့ပြင်   ကော်မရှင်ဥပဒေနှင့်အညီ အမျိုးသမီးများ၏ အခွင့်အရေးနှင့်စပ်လျဉ်းသည့် တိုင်တန်းချက်များ စိစစ်ဆောင်ရွက်ခြင်း၊ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ ရဲစခန်းအချုပ်ခန်း၊ တရားရုံးအချုပ်ခန်း၊  ဘိုးဘွားရိပ်သာ၊  အမျိုးသမီးသက်မွေးအတတ် ပညာသင်ကျောင်း၊    အမျိုးသမီးကလေးများ   သင်တန်းကျောင်း၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနများသို့  သွားရောက်စစ်ဆေးလျက် ရှိပြီး သက်ဆိုင်ရာဌာနများသို့ အကြံပြုချက်များပေးပို့ကာ အမျိုးသမီး အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပါသည်။  
၄။    ၂၀၂၄ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဆောင်ပုဒ် မှာ “Invest in Women: Accelerate Progress”  “အရှိန်အဟုန်ဖြင့် တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး” ဖြစ်ရာ နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကဏ္ဍစုံ၊ နယ်ပယ်စုံတွင် အမျိုးသမီးများ ပါဝင်မှုကို  မြှင့်တင်ဖော်ဆောင်ကြပါရန်  တိုက်တွန်းလျက် ဇူလိုင်လ  (၃) ရက်နေ့တွင် ကျရောက်မည့်  မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြု ကြိုဆိုအပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ  ၂  ရက်