
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့၊ ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုသောအား ဖြင့် လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၈/ ၂၀၂၃၊ ၄၉/ ၂၀၂၃၊ ၅၀/ ၂၀၂၃၊ ၅၁/ ၂၀၂၃၊ ၅၂/ ၂၀၂၃၊ ၅၃/ ၂၀၂၃ နှင့် ၅၄/ ၂၀၂၃ တို့ကို ထုတ်ပြန်ခဲ့ပါသည်။
၂။ ယင်းအမိန့်များအရ ဒေါ်အောင်ဆန်းစုကြည်အား တရားရုံးများက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် ရာဇဝတ်မှုကြီးအမှတ် ၃၅/ ၂၀၂၁၊ ၃၇/ ၂၀၂၁၊ ၇၁/ ၂၀၂၁၊ ၃၈/ ၂၀၂၁၊ ၄၅/ ၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းသက်သာခွင့်ပြုခြင်း၊ ဦးဝင်းမြင့်အား တရားရုံးများက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် ရာဇဝတ်မှုကြီးအမှတ် ၃၅/ ၂၀၂၁၊ ၃၆/ ၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းသက်သာခွင့်ပြုခြင်း၊ အကျဉ်းထောင်အသီးသီးတွင် သေဒဏ်ချမှတ်ခြင်း ခံထားရသော အကျဉ်းသား/သူများအနက် ပြစ်ဒဏ်လျှော့ပေါ့သင့်သူများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ ချမှတ်ထားသည့် သေဒဏ်ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု၍ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံစေခြင်း၊ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီး တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ သူ ၇၇၄၉ ဦးတို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း၊ အကျဉ်းထောင်များတွင် ပြစ်ဒဏ် ကျခံလျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦးတို့အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခြင်း၊ အကျဉ်းထောင်/ အချုပ်ထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၂၅ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်များလျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခြင်းနှင့် နိုင်ငံတော် အတွင်း တရားရုံးအသီးသီးတွင် တရားစွဲဆိုထားဆဲဖြစ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များနှင့် ဆက်စပ်သူ ၇၂ ဦး၏ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်း၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရ အမှုမှလွှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
၃။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို အမိန့်အမှတ် ၄၈/ ၂၀၂၃ နှင့် ၄၉/ ၂၀၂၃ တို့အရ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းသည် အပြုသဘောဆောင်ပါသည်။
၄။ နိုင်ငံခြားသား အကျဉ်းသား/ သူ ၁၂၅ ဦးကို ပြစ်ဒဏ်များလျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုခြင်း သည် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို မြှင့်တင်ဆောင်ရွက်ရာရောက်သည်ဟု ရှုမြင်ပါ သည်။
၅။ ဤဆောင်ရွက်မှုများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူ့အခွင့်အရေးဆိုင်ရာ အပြုသဘော ဆောင်သော လုပ်ဆောင်ချက်ဖြစ်သည့်အပြင် လူသားချင်းစာနာထောက်ထားမှုကိုလည်း အလေးထားရာ ရောက်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အပံ့ဖြစ်စေပါ သည်။ သေဒဏ်ပြစ်ဒဏ်မှထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံရရှိသူများအနေဖြင့်လည်း အသက် ရှင်သန်ခွင့် ရရှိကြပါသည်။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ပြစ်ဒဏ်သက်သာခွင့်ရရှိသူများသည် မိသားစုဝင်များ နှင့် ပြန်လည်ပေါင်းစည်းခွင့်ရကြမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏စေတနာကို အလေးထားပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဥပဒေဘောင်အတွင်းမှ ပါဝင် ဆောင်ရွက်နိုင်မည်ဟု ကော်မရှင်အနေဖြင့် ယုံကြည်ပါသည်။
၆။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့်လည်း ပြစ်ဒဏ်မှ လွတ်မြောက်လာကြ သူများ၊ ပြစ်ဒဏ်မှ သက်သာခွင့်ရရှိသူများ၏ မိသားစုဝင်များနှင့်အတူ ဝမ်းမြောက်ပီတိ ဖြစ်ရပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်