
မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအပေါ် ကိုဗစ်-၁၉ ရောဂါ၏ အကျိုးသက်ရောက်မှုနှင့် ပိုမိုကောင်းမွန်သောအနာဂတ် ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ကျင်းပ
=============================================================================================
နေပြည်တော် ဒီဇင်ဘာ ၅
မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင် ပညာရှင်များအသင်းမှ The Impact of COVID-19 on Myanmar Hotel Industry & Better Future ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပသည်။
ဆွေးနွေးပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ က နေပြည်တော်ရှိ ဝန်ကြီးဌာန နီလာခန်းမမှ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး၊ မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းထွဋ်၊ မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အကြံပေး ဦးသက်လွင်တိုး တို့က Panelist များအဖြစ် ဆောင်ရွက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ယနေ့ဆွေးနွေးပွဲ ခေါင်းစဉ်ဖြစ်သည့် The Impact of COVID-19 on Myanmar Hotel Industry & Better Future သည် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေနှင့် ထိုအခြေအနေကို မည်သို့ကျော်လွှားမည်ကို ရည်ရွယ်ထား သည့်အတွက် အလွန်အချိန်သင့်အခါသင့်ဖြစ်သည်ဟု ယူဆပါကြောင်း၊ လက်ရှိအစိုးရ စတင်တာဝန်ယူပြီးသည့်နောက် ၂၀၁၆ ခုနှစ်တွင် ပုံမှန်ဟိုတယ်ဗဟိုပြုခရီးသွားလုပ်ငန်းသာမက ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းဖော်ဆောင်ရေးများကို စတင်လုပ်ဆောင်ခဲ့ပါကြောင်း။
မျှော်မှန်းဆောင်ရွက်နေ
၂၀၁၇ ခုနှစ်တွင် Primary Destination များဖြစ်သည့် ရန်ကုန်၊ ပုဂံ၊ အင်းလေး၊ ငပလီ များသာမက Secondary Destination များ ဖွံ့ဖြိုးရေးကို စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဗဟိုအစိုးရက ချုပ်ကိုင်ထားသည့် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းလိုင်စင်နှင့် ကြီးကြပ်မှုများကို ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ လွှဲပြောင်းပေးသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေ- ၂၀၁၈ ကို ပြဋ္ဌာန်းခဲ့ပါ ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် အနောက်ဥရောပ ၁၀ နိုင်ငံနှင့် အာရှ ငါးနိုင်ငံကို ဗီဇာဖြေလျှော့မှုများ ဆောင်ရွက်ခဲ့မှုကြောင့် ၂၀၁၆ ခုနှစ်တွင် ပြည်ပခရီးသွား နှစ်သန်းကျော် ဝင်ရောက် ခဲ့ရာ ၂၀၁၉ ခုနှစ်တွင် ခရီးသွားလေးသန်းကျော် တိုးတက် ဝင်ရောက်ခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ခရီးသွား ငါးသန်း နှင့် ၂၀၂၁ ခုနှစ်တွင် ခရီးသွား ခြောက်သန်းအထိ ၀င်ရောက် ရန် မျှော်မှန်းဆောင်ရွက်နေပြီး ၂၀၂၀ နှစ်ဦးတွင် တစ်လ ခရီးသွားလေးသိန်းကျော် ဝင်ရောက်နေသဖြင့် မျှော်မှန်း ထားသည့်အတိုင်း ပြည့်မီနိုင်မည့်လမ်းကြောင်းပေါ် ရောက်ရှိနေသည့်အချိန်တွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပါကြောင်း။
နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် COVID-19 Economic Relief Plan (CERP) ၏ နောက်ဆက်တွဲအဖြစ် COVID-19 Tourism Relief Plan ကို ရေးဆွဲအတည်ပြုချက် ရယူပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ လက်ရှိ COVID-19 Tourism Relief Plan သည် ၂၀၂၀ ပြည့်နှစ်အထိသာ ဖြစ်ရာ ၂၀၂၀ အလွန်နှစ်များအတွက် နိုင်ငံတော်က ရေးဆွဲ နေသည့် Myanmar Economic Recovery & Reform Plan (MERRP) နှင့်အညီ Myanmar Tourism Strategic Rescue Roadmap (2021-2025)-MTSRR ကို ရေးဆွဲပြီး ဖြစ်ပါကြောင်း၊ MTSRR ၏ အဓိကရည်မှန်းချက်မှာ ရပ်တန့်သွားသည့် ခရီးသွားလုပ်ငန်းကို ပြန်လည် အသက်ဝင်လာအောင် လုပ်ဆောင်ပြီး ၂၀၂၃-၂၀၂၄ မှာ မူလအခြေအနေကို ပြန်လည်ရောက်ရှိစေရန် ဖြစ်ပါ ကြောင်း။
ထို့အပြင် Enchanting Myanmar Health & Safety Protocols ကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပူးပေါင်းရေးဆွဲ ထားပြီး ထို protocol နှင့်အညီ လိုက်နာဆောင်ရွက်ထား သည့် ခရီးသွားလုပ်ငန်းများကို Safe Tourism Myanmar Stamp များ အသုံးပြုခွင့်ပေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ကျေးလက်ခရီးစဉ်ဒေသများကို ကမ္ဘာ့ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ၂၀၂၀ ဆောင်ပုဒ်ဖြစ်သည့် Rural Development with Tourism နှင့်အညီ ဖွံ့ဖြိုး တိုးတက်လာအောင် ဖော်ဆောင်နိုင်ရန် ဆက်စပ်၀န်ကြီး ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ Heritage & Cultural Tourism၊ Eco & Nature Based Tourism၊ Agricultural & Farming Tourism၊ Inland Water & Rail Tourism၊ Adventure & Sports Tourism ၊ Gastronomy Tourism၊ Caravan & Maritime Tourism နှင့် Urban & MICE Tourism များ ဖွံ့ဖြိုးတိုးတက်အောင် ဆက်စပ် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများ နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းအပေါ် ပြည်တွင်းခရီးသွားများ၊ ပြည်ပ ခရီးသွားများ ယုံကြည်မှုပြန်လည်ရရှိလာစေရန် ခရီးသွားလုပ်ငန်းရှင်များအနေဖြင့် ဝန်ကြီးဌာနနှင့်အတူ ဝိုင်းဝန်း လိုက်ပါလုပ်ဆောင်ပေးကြရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ရှင်းလင်း ဆွေးနွေး
ယင်းနောက် ဒုတိယဝန်ကြီး ဦးတင်လတ်က ခရီးသွား လုပ်ငန်း Recovery Plan ရေးဆွဲဆောင်ရွက်နေမှုများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ Impact Survey ကောက်ယူမည့် အခြေအနေများ၊ COVID-19 Economic Relief Plan (CERP) ၏ နောက်ဆက်တွဲအဖြစ် COVID-19 Tourism Relief Plan ရေးဆွဲဆောင်ရွက်နေမှုနှင့် Myanmar Tourism Strategic Rescue Roadmap (2021-2025) - MTSRR ရေးဆွဲဆောင်ရွက်နေမှုများကို ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် ဆွေးနွေးပွဲသို့ အွန်လိုင်းမှ တက်ရောက် လာကြသူများ၏ မေးမြန်းချက်များကို Panelist များက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်