မြန်မာ့ဆန်များ တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေး၊ ဈေးကွက်သစ်များ ရှာဖွေရေး ဆွေးနွေး

 

နေပြည်တော်  စက်တင်ဘာ  ၂


အရည်အသွေးကောင်းသည့်  မြန်မာ့ဆန်များတိုးမြှင့် ထုတ်လုပ်တင်ပို့နိုင်ရေး၊   ဈေးကွက်သစ်များ  ရှာဖွေရေး၊ ပြည်တွင်း၌ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် စိုက်ပျိုး တောင်သူများ၏ အကျိုးစီးပွား  ဖွံ့ဖြိုးတိုးတက်စေရေး စသည့်    ကိစ္စရပ်များနှင့်စပ်လျဉ်း၍    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန       ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးသည်   ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန   ရန်ကုန်တိုင်းဒေသကြီးရုံး၌  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

 


မွန်းလွဲပိုင်းတွင်     ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ရှိ      ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်      စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌   ပြည်ထောင်စုသမ္မတ   မြန်မာနိုင်ငံ ကုန်သည်များနှင့်    စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့်   ညီနောင်အသင်းများမှ  တာဝန်ရှိသူ များနှင့်တွေ့ဆုံပြီး   ပို့ကုန်မြှင့်တင်ရေး၊ ကုန်သွယ်မှု လုပ်ငန်းများတွင်ကြုံတွေ့နေရသော   အခက်အခဲများ အား လျင်မြန်လွယ်ကူစွာ   ဖြေရှင်းဆောင်ရွက်နိုင်ရေး၊ ပြည်တွင်းရှိ အရင်းအမြစ်များကို တိုးမြင့် ဆောင်ရွက် ၍ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်အောင်  ဆောင်ရွက်ရေးနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်သွယ်မှုကဏ္ဍမြှင့်တင်နိုင်မည့်   နည်းလမ်းရှာဖွေ ရေးနှင့်    နိုင်ငံခြားငွေလဲလှယ်နှုန်း     တည်ငြိမ်ရေး အတွက်  ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးသည်။

 


ထို့နောက်             ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံ  ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ တာဝန် ရှိသူများမှ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်