ရန်ကုန် ဇူလိုင် ၆
မြန်မာအမျိုးသားလေကြောင်းမှ နိုင်ငံတကာခရီးစဉ်သစ်များအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့နှင့် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့သို့ စတင်ပျံသန်းပြေးဆွဲလျက်ရှိကြောင်း ယနေ့ညနေပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် မြန်မာအမျိုးသား လေကြောင်းရုံးချုပ်၌ ပြုလုပ်သည့် မိတ်ဆက်ပွဲမှ သိရသည်။
မြန်မာအမျိုးသားလေကြောင်းသည် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ဇူလိုင် ၄ ရက်မှစ၍ နှစ်ပတ်လျှင်တစ်ကြိမ်(တနင်္လာနေ့)နှင့် ကိုရီးယား သမ္မတနိုင်ငံ အင်ချွန်းမြို့သို့ ဇူလိုင် ၂၂ ရက်မှစတင်၍ နှစ်ပတ်လျှင် တစ်ကြိမ်(သောကြာနေ့)များတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် (Terminal 1) မှ Boeing 737- 800 လေယာဉ်ပျံများဖြင့် ပျံသန်းပြေးဆွဲ သွားမည်ဖြစ်သည်။
ကူမင်းသို့ ပြေးဆွဲသည့်ခရီးစဉ်၌ ၂၀၂၂ ခုနှစ် ဇူလိုင်လနှင့် အောက်တို ဘာလတွင် နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့မှ ထွက်ခွာပျံသန်းပြီး နေ့လယ် ၂ နာရီ မိနစ် ၄၀ တွင် ကူမင်းမြို့သို့ ရောက်ရှိမည်ဖြစ်သည်။ ညနေ ၄ နာရီ ၁၀ မိနစ်တွင် ကူမင်းမြို့မှ ပြန်လည်ထွက်ခွာပြီး ညနေ ၄ နာရီ မိနစ် ၅၀ တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်သည်။ အလားတူ အင်ချွန်းသို့ ပြေးဆွဲသည့်ခရီးစဉ်၌ ဇူလိုင်လနှင့်အောက်တိုဘာလတွင် နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မှထွက်ခွာပျံသန်းပြီး ည ၇ နာရီ ၂၅ မိနစ် တွင် အင်ချွန်းသို့ ရောက်ရှိမည်ဖြစ်သည်။ အင်ချွန်းမှ ည ၈ နာရီ ၅၅ မိနစ်တွင် ပြန်လည်ထွက်ခွာပြီး နောက်နေ့ ၀၀ နာရီ ၂၅ မိနစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
“ခရီးစဉ်သစ်မိတ်ဆက်ပွဲက နှစ်ပတ်လျှင်တစ်ကြိမ် တနင်္လာ နေ့တိုင်း ရန်ကုန်-ကူမင်း-ရန်ကုန် ခရီးသည်လေယာဉ်ပြေးဆွဲမယ့် အစီအစဉ်တစ်ခုနဲ့ နောက်သောကြာနေ့၊ နှစ်ပတ်လျှင် တစ်ကြိမ် ဇူလိုင် ၂၂ ရက်မှာ ရန်ကုန်-အင်ချွန်း-ရန်ကုန်ကို ပျံသန်း ပြေးဆွဲမယ့် မိတ်ဆက်ပွဲဖြစ်ပါတယ်”ဟု မြန်မာအမျိုးသားလေကြောင်း အမှုဆောင် အရာရှိချုပ် ကပ္ပတိန် ခုပ်ခန့်မုံက ပြောသည်။
မြန်မာအမျိုးသားလေကြောင်းအနေဖြင့် လာမည့်အောက်တိုဘာ ဒုတိယပတ်တွင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာသို့ ပျံသန်းပြေးဆွဲနိုင်ရေးနှင့် ရန်ကုန်-ဒူဘိုင်း-ရန်ကုန် ခရီးစဉ်ကို ပျံသန်းပြေးဆွဲနိုင်ရေးအတွက် လည်း ဆောင်ရွက်လျက်ရှိကြောင်း မြန်မာအမျိုးသားလေကြောင်းမှ သိရသည်။
အာကာလင်း



