မြန်မာ - ထိုင်း မြန်မာ့ရိုးရာလက်‌ဝှေ့စိန်‌ခေါ်ပွဲ ကျင်းပမည်

 

ရန်ကုန်  ဇန်နဝါရီ  ၁၂  


အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန  မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ချုပ်က ကြီးမှူးပြီး GREAT CAlRO CLUB စီစဉ်သော GCC FIGHT ONE မှ မြန်မာ-ထိုင်း မြန်မာ့ရိုးရာလက်‌ဝှေ့စိန်‌ခေါ်ပွဲကို ဇန်နဝါရီ ၁၄ ရက်တွင် ရန်ကုန်မြို့  မင်္ဂလာတောင်ညွန့်မြို့နယ်   သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ ကျင်းပမည်ဖြစ်သည်။ 
အလဲထိုး
 အဆိုပါ မြန်မာ- ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် ထွန်းမင်းအောင် (မြန်မာ)၏ပြိုင်ဘက် အသက် ၂၈ နှစ်အရွယ် Taksila Kamsing(ထိုင်း)သည် ကမ္ဘောဒီးယား 72 KG တန်း ချန်ပီယံ ဆော့ဗင်ဟောင်းကို အလဲ ထိုးထားသည့် မွေ့ထိုင်းမောင်တစ်ဦးဖြစ်သည်။
ထိုင်းနိုင်ငံ နာရာထီဝပ်ပြည်နယ်သား Taksila သည် WMC ၏ 2018 Tournament  ချန်ပီယံ၊  2019  lumpinee Stadium  ၏  ချန်ပီယံဆု၊ Rajadamnern Stadium ၏ ချန်ပီယံဆု၊ MASA ၏ 2021 J - Middle weight champion ဆု အစရှိသည့်ဆုတံဆိပ်ပေါင်းများစွာကို ဆွတ်ခူး ပိုင်ဆိုင်ထားသူ မွေ့ထိုင်းထိပ်သီးဖိုက်တာတစ်ဦးဖြစ်သည်။
Taksila ပရိုဘဝ နှင့်ပရိုမတိုင်မီဘဝ ထိုးသတ်ပွဲစုစုပေါင်း ၉၄ ပွဲ ရှိပြီး ၇၂ ပွဲတိတိ အနိုင်ရထားသူ   ထိပ်တန်းဖိုက်တာတစ်ဦးဖြစ်သည်။ မွေ့ရိုးရာရှစ်သွယ်ကို   ကျေညက်လှပစွာ   ဆော့ကစားနိုင်သူဖြစ်ပြီး ပြင်းထန်တိကျလှသော ဖြောင့်လက်သီး၊ ညာဝိုက်လက်သီးများကို ပိုင်ဆိုင် ထားသူ မွေ့ရိုးရာမောင်တစ်ဦးဖြစ်သည်။
ထွန်းမင်းအောင် တွေ့ဆုံခဲ့ဖူးသော နေထူးထူး၊  တိုခဲရှီတို့ကဲ့သို့သော ဖိုက်တာကြီးများကို   အစီးထိုး  တူတူတန်တန်ထိုးသတ်ထားနိုင်ပြီး အောင်ခိုင်ကဲ့သို့သော  ပညာဂုဏ် ၊ မာဂုဏ်၊   သဘာဂုဏ်  မြင့်မားလှသူ ပထမတန်းလက်ဝှေ့ကျော်ကြီးကို အနိုင်ထိုးနိုင်ခဲ့သူ ထွန်းမင်းအောင် အနေဖြင့် တာစီလာပန်လို မွေ့ထိုင်းအကျော်အမော်တစ်ဦးအပေါ် ထပ်မံ ၍ အနိုင်ရမည်ဆိုပါက   မြန်မာပြည်ထိပ်တန်းတစ်ဦးဦးကို  စိန်ခေါ် ထိုးသတ်ရန်သာ ကျန်ပေတော့သည်။
ပါဝင်ယှဉ်ပြိုင်ထိုးသတ်ကြမည်
ထို့ပြင် သန့်ဇင်(မြန်မာ)နှင့် Vachvicha(ထိုင်း)တို့ ယှဉ်ပြိုင်ထိုးသတ် မည်ဖြစ်သည်။   မြန်မာ - ထိုင်းပြိုင်ပွဲနှင့်အတူ   ပြည်တွင်းပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲကို  မွန်းလွဲ ၂ နာရီတွင်  ကျင်းပမည်ဖြစ်ပြီးဝင်‌ကြေး ကျပ်တစ်သောင်း၊ နှစ်သောင်း၊ သုံးသောင်း၊  ငါးသောင်း  သတ်မှတ် ထားကြောင်း သိရသည်။                                            

အာကာစိုး