MNL ပြိုင်ပွဲတွင် ရန်ကုန်အသင်း နိုင်ပွဲရယူပြီး ဒုတိယနေရာတွင် ဆက်လက်ရပ်တည်

 

ရန်ကုန်   အောက်တိုဘာ   ၁၂


၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၅) စတုတ္ထနေ့အဖြစ် ရန်ကုန်နှင့် မြဝတီအသင်း တို့ အောက်တိုဘာ ၁၂ ရက်က သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ ရန်ကုန်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

 


ရန်ကုန်အသင်းသည် မြဝတီကို တိုက်စစ်မှူးဂျူနီယာ၏ ပယ်နယ်တီဂိုးဖြင့် အနိုင်ရကာ ဒုတိယနေရာတွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ ရန်ကုန်အသင်းသည် ယခုပွဲအနိုင်ရ ခဲ့သဖြင့် ထိပ်ဆုံးမှ ရှမ်းယူနိုက်တက်ကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပြီး ချန်ပီယံမျှော်လင့်ချက် ရှိနေဆဲဖြစ်သည်။ မြဝတီအသင်းမှာမူ ရှုံးပွဲကြုံတွေ့ခဲ့သဖြင့် တတိယနေရာကို ဟံသာဝတီ အသင်းထံ လွှဲပေးခဲ့ရသည်။                           

 


ဒုတိယနေရာအတွက် အရေးပါသည့်   ပွဲဖြစ်သည့် အပြင်    ထိပ်ဆုံးနေရာမှ   ရှမ်းယူနိုက်တက်ကို   ဖိအားပေးနိုင်ရန် အတွက် နှစ်သင်းစလုံး   အမာခံကစားသမား အစုံအလင်ဖြင့်   ပွဲထွက်ခဲ့သည်။ ပထမပိုင်းတွင် ရန်ကုန်အသင်းက ပိုဖိကစား နိုင်ခဲ့ပြီး မြဝတီအသင်းက အဝေးကန်ချက်ဖြင့်သာ  ဂိုးရရန်    ကြိုးပမ်းခဲ့သဖြင့်     ပထမပိုင်းအပြီးတွင်   ဂိုးမရှိ   သရေကျနေ သည်။  

 

 
ဒုတိယပိုင်းအစတွင်    ရန်ကုန်အသင်း    ဂိုးစတင်ရရှိခဲ့ပြီး   ဝင်းနိုင်ထွန်းကြောင့်ရရှိသည့် ပယ်နယ်တီကို  ဘရာဇီးတိုက်စစ် မှူး ဂျူနီယာက  သွင်းယူ ခဲ့ခြင်းဖြစ်သည်။   ယင်းနောက်ပိုင်း တွင်  မြဝတီအသင်းက  ချေပဂိုးရရန်   ကြိုးပမ်းလာသော်လည်း  ရန်ကုန်အသင်း  ခံစစ်အမှားအယွင်းမရှိ ဖျက်ထုတ်နိုင်ခဲ့ပြီး  ရန်ကုန်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။  ယခုပွဲ အပြီးတွင် ရန်ကုန်အသင်းက ၁၃ ပွဲကစား  ရမှတ် ၂၉ မှတ်၊  မြဝတီအသင်းက ၁၃ ပွဲကစား  ရမှတ် ၂၄ မှတ်  ရရှိထား သည်။

 


ပွဲစဉ် (၁၅) နောက်ဆုံး နေ့ကို  အောက်တိုဘာ ၁၃ ရက် (ယနေ့) ကျင်းပမည်ဖြစ်ပြီး ရတနာပုံအသင်းနှင့် GFA အသင်း   ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။                 

ရဲရင့်လွင်