
မြင်းမူ စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြရာတွင် ဓာတ်မြေ ဩဇာဈေးကြီးမြှင့်လာကာ ကုန်ကျစရိတ်များ ပိုမိုများပြားလာသော ကြောင့် စိုက်ပျိုးရေးဦးစီးဌာ၏ နည်းပညာပံ့ပိုးမှုများနှင့်အညီ သဘာဝ သစ်စိမ်းမြေဩဇာများကို လက်တွေ့ပြုလုပ်သုံးစွဲမှုမှာ တွင်ကျယ် လာကြောင်း ဒေသခံတောင်သူများထံမှသိရသည်။
တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အရေအသွေးပြည့်ဝသည့် သီးနှံများ ရရှိရေး၊ အထွက်နှုန်းပိုမိုရေး၊ ဓာတ်မြေဩဇာကဲ့သို့သော စိုက်ပျိုးရေးသွင်းအားစုစရိတ်များကို လျှော့ချ သုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်ကို ပိုမိုသက်သာလာစေခြင်း စသည့် အကျိုး ကျေးဇူးများရရှိနိုင်ရန် ယခုကဲ့သို့ တောင်သူနည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။
သစ်ရွက်စိမ်းမြေဩဇာတွင် မြေဆီလွှာ၏ ဂုဏ်သတ္တိကို တိုးတက် စေပြီး အကျိုးကျေးဇူးအနေဖြင့် ဓာတ်မြေဩဇာသုံးစွဲမှုကို လျှော့ချ နိုင်ခြင်း၊ ပတ်ဝန်းကျင်ရှိ ရေနှင့် မြေဆီလွှာတို့တွင် ပါဝင်လျက်ရှိသည့် ဓာတု အဆိပ်များကို လျော့ကျစေပြီး မြေဆီလွှာ၏ ချဉ်ငန်ဓာတ်များကို ထိန်းညှိပေးနိုင်ခြင်း စသည်အကျိုးပြုမှုများ ရရှိနိုင်ကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)