
မင်းဘူး အောက်တိုဘာ ၃၀
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား Sinovac အမျိုးအစား ကိုဗစ်ကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းက မင်းဘူး အ.ထ.က(၁)နှင့် စကု(အ.ထ.က)ကျောင်းတို့တွင် နှစ်နေရာခွဲ၍ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးအောင်ဇော်နှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှုပြီး မြို့နယ်အတွင်းရှိ စာသင်ကျောင်းများအားလုံး နိုဝင်ဘာ ၁ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ်မည်ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကင်းစင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံ ရန် ကျန်ရှိသူများကို ဆက်လက်ထိုးနှံပေးရခြင်းဖြစ်ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း၌ အခြေခံပညာကျောင်းပေါင်း ၈၈ ကျောင်း၊ ဘကကျောင်း တစ်ကျောင်း၊ ကိုယ်ပိုင်ကျောင်း သုံးကျောင်း၊ စုစုပေါင်း ၉၂ ကျောင်းမှ အလယ်တန်းနှင့် အထက်တန်းအဆင့် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသားဦးရေစုစုပေါင်း ၆၂၆၃ ဦးကို အောက် တိုဘာ ၁၇ ရက်က ပထမအကြိမ်အဖြစ် ထိုးနှံပေးခဲ့ပြီးနောက် ယခုအခါ မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသော ကျောင်းသားများ အတွက် ကာကွယ်ဆေးခွဲတမ်း ထမ်မံရရှိသော ၅၅ လုံးကို ဆေးတစ်လုံး လျှင် နှစ်ယောက်နှုန်းဖြင့် ကျောင်းသားဦးရေ ၁၁၀ ကို ပထမအကြိမ် အဖြစ် ဆက်လက်ပြီးထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်ထံမှ သိရသည်။
မောင်မောင်(မင်းဘူး)