မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းလုပ်ငန်းအားလုံး ပြီးစီးပါက လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၇၀ ရရှိမည်ဖြစ်၍ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိမည်

 

မင်းဘူး    ဒီဇင်ဘာ    ၄


မင်းဘူးမြို့ မင်းလှကျင်းကျေးရွာအနီးရှိ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်း အပိုင်း(၁)မှ လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၄၀ ထုတ်လုပ်ပေးလျက်ရှိပြီး အဆိုပါစီမံကိန်းလုပ်ငန်းများ အားလုံးပြီးစီးပါက လျှပ်စစ်ဓာတ်အား   မဂ္ဂါဝပ် ၁၇၀ ရရှိနိုင်မည်ဖြစ်၍ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 


အဆိုပါစီမံကိန်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က ဂုတ်ကြီးကွင်း  ကွင်းအမှတ် ၁၂၇၃  စီမံကိန်းဧရိယာ ၈၃၆ ဧကဖြင့် ဖွင့်လှစ်ဆောက်လုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန် ၂ ရက်တွင် ဓာတ်အား ၄၀ မဂ္ဂါဝပ်ကို စတင်ထုတ်လွှတ်နိုင်ခဲ့သည်။ အဆိုပါ စီမံကိန်းတွင်   ဆိုလာပြား   ၁၅၉၀၀၀ ကို   စီမံကိန်းအဆင့် လေးဆင့်ဖြင့်  ဆောင်ရွက်လျက်ပြီး  လက်ရှိတွင်  စီမံကိန်း အပိုင်း(၁) ဖြင့်   မဂ္ဂါဝပ် ၄၀ ထုတ်လုပ်ပြီး   ရခိုင်ပြည်နယ် အမ်းမြို့ ဓာတ်အားခွဲရုံသို့ ၂၅ မဂ္ဂါဝပ်နှင့် မင်းဘူးမြို့ မန်းဓာတ် အားခွဲရုံသို့ ၁၅ မဂ္ဂါဝပ် ပို့လွှတ်ထားပြီဖြစ်သည်။ 

 


မကြာမီတွင် စီမံကိန်းလုပ်ငန်းများပြီးစီးပါက လျှပ်စစ် ဓာတ်အားမဂ္ဂါဝပ် ၁၇၀  အပြည့်  ထုတ်လုပ်နိုင်မည် ဖြစ်၍    မကွေးတိုင်းဒေသကြီးနှင့်   ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် ဓာတ်အားများ အပြည့်အဝရရှိတော့ မည်ဖြစ်ကြောင်း သိရသည်။

 


နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်း   (Minbu Solar Power Plant Project )  ဓာတ်အား ထုတ်လုပ်နေမှုကို မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင့်ကျော်နှင့် ခရိုင်နှင့်မြို့နယ်မှ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များသည် ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှုရာ စီမံကိန်းရှင်းလင်းဆောင်၌ GEP(Myanmar) Co.,Ltd မှ  စက်ရုံမှူး   ဦးညွန့်အောင်က စီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။

 


ဆက်လက်၍ မင်းဘူး(စကု)မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးတင်မြင့်က   စီမံကိန်းလုပ်ငန်း အပိုင်း (၂)၊ (၃)၊ (၄) တို့ တည်ဆောက်ပြီးစီးသွားပါက စီမံကိန်းဧရိယာအနီးအနားရှိ    ကျေးရွာများအား မီးလင်းနိုင်ရေးတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပေါင်းစပ်ဆွေးနွေးပေးခဲ့သည်။ ယင်းနောက် GEP (Myanmar) Co.,Ltd ၏ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဓာတ်အားထုတ်လုပ်နေမှုများ၊ ဓာတ်အားသိုလှောင်ပုံ၊ တည်ဆောက်ပုံ၊ ဓာတ်အား လိုင်း ၂၃၀၀၀၀ သို့ ပို့လွှတ်နေမှုများနှင့် လုပ်ငန်း  ဆောင်ရွက်နေမှု   အခြေအနေများကို   လှည့်လည် ကြည့်ရှု၍     လိုအပ်သည်များ    မှာကြားခဲ့ကြောင်း သိရသည်။                      

ဇေယျာထက် (မင်းဘူး)