မကွေးတိုင်းဒေသကြီး၌ အခြေခံ ရိုးရာခြင်းလုံးအားကစားသင်တန်းဖွင့်

 

မကွေး   အောက်တိုဘာ  ၃၀


မကွေးတိုင်းဒေသကြီး   အားကစားနှင့်ကာယပညာ ဦးစီးဌာနက    ကြီးမှူး၍    အခြေခံရိုးရာခြင်းလုံး အားကစားသင်တန်းကို  မကွေးမြို့ရှိ  ခရိုင်အားကစား နှင့်ကာယပညာဦးစီးဌာန     မိုးလုံလေလုံအားကစား ခန်းမ၌   အောက်တိုဘာ ၂၈ ရက်က ဖွင့်လှစ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်  ဝန်ကြီး များ တက်ရောက်အားပေးသည်။  

 


တိုင်းဒေသကြီးဝန်ကြီးချုပ်က   မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု     အားကစားနည်းများတွင် မြန်မာ့ရိုးရာခြင်းခတ် အားကစားနည်းလည်း  တစ်ခု အပါအဝင်ဖြစ်၍    မတိမ်ကော    မပပျောက်စေရေး အတွက် အဆင့်ဆင့်  လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း၊    မြန်မာ့ရိုးရာခြင်း ခတ်အားကစားနည်း   မတိမ်ကော၊  မပပျောက်စေ ရေးနှင့်  ထူးချွန်ထက်မြက်သော  နိုင်ငံ့ကိုယ်စားပြု မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက် လာစေရေးတို့အတွက်  ယခုသင်တန်းကို ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။ 

 


ထို့နောက်  ခြင်းလုံးများ၊   သရုပ်ပြခြင်းလုံးအဖွဲ့အား ဂုဏ်ပြုဆုငွေနှင့်မကွေးတိုင်းခြင်းလုံးရုံ  ဆောက်လုပ် နိုင်ရန်   အလှူငွေများကို   တိုင်းဒေသကြီး  ဝန်ကြီး ချုပ်နှင့်   အလှူရှင်တစ်ဦးက ပေးအပ်ပြီး  ၂၀၂၂ ခုနှစ် မတ်လတွင်  မကွေးတိုင်းဒေသကြီး၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်   တိုင်းဒေသကြီးနှင့်   ပြည်နယ် ရိုးရာခြင်းလုံးပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် ရိုးရာ ခြင်းလုံး(၄)ပေါက်တန်း  ဝိုင်းဖွဲ့အမှတ်ခတ်ခြင်းကို ဆီးဂိမ်းရွှေတံဆိပ်နှစ်ဆုရှင်    မတင်တင်လင်းက စွမ်းရည်ပြခဲ့သည်။

စည်သူ(မကွေး)