
မကွေး စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်း မြင့်အေးနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာအုပ်စု ကွင်းအမှတ်(၉၁၀) တောင်သူ ဒေါ်ဌေးဌေးဝင်း၏ တစ်နှစ် သုံးသီးစိုက်သီးနှံပုံစံ စံပြကွက်သို့ရောက်ရှိပြီး မိုးစပါးစိုက်ပျိုးထားရှိမှု၊ ဓာတ်မြေသြဇာနှင့်သဘာဝ မြေသြဇာကြဲပက်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တစ်နှစ်သုံးသီးစိုက် သီးနှံပုံစံတွင် သက်ကြီးစပါးမျိုးအစား သက်တမ်းတို အထွက်ကောင်း မျိုးများ ပြောင်းလဲစိုက်ပျိုးဆောင်ရွက်ရေး၊ ကုလားပဲ သီးနှံ အချိန်ကိုက်စိုက်ပျိုးနိုင်ရေးနှင့် နွေနှမ်းသီးနှံ များ စိုက်ပျိုးရာတွင် စိမ့်မြောင်းပတ်မြောင်းများဖြင့် စိုက်ပျိုးသွားရန်နှင့် မိုးရွာသွန်းမှုများပါက သီးနှံ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ကြိုတင်ပြင်ဆင်စီမံ ဆောင်ရွက်သွားကြရန် မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် တပ်မတော်ဝါ စိုက်ပျိုးရေးတပ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးဆောင်ရွက်ထားရှိ သော ချည်မျှင်ရှည်ဝါစံပြကွက် ၁၀ ဧက စိုက်ကွင်း တွင် စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ ဝါပင် သက်တမ်းအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များကို စနစ်တကျဆောင်ရွက်သွားကြရန်နှင့် ဝါ ပန်းတိုင်အထွက်နှုန်း တစ်ဧကပိဿာ ၇၀၀ ရရှိရေး ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် ကိုင်းတောကြီး ကျေးရွာအုပ်စုအတွင်းရှိ ကွင်းအမှတ် ၁၂၈၇၊ လက်တို တောင်ကွင်းအတွင်း ယာမြေ ၁၇၂ ဒသမ ၂၇ ဧက ပေါ်၌ ဦးတိုးကြွယ်မှ ဧကကွက်များ ဖော်ထုတ်၍ ယာမှလယ်ပြောင်းကာ မိုးစပါးသီးနှံနှင့် ရာသီသီးနှံ များ စိုက်ပျိုးလုပ်ကိုင်နေမှုကို ကြည့်ရှုအားပေး ကြောင်း သိရသည်။
မောင်ညီညာ