
နေပြည်တော် အောက်တိုဘာ ၁
KNPP နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အရပ်ဘက် လေယာဉ်တစ်စင်းအား ရက်စက်ရိုင်းစိုင်းယုတ်မာစွာဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုအပေါ် KNPP အဖွဲ့က ငြင်းဆိုနေမှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုဖြေကြားထား ပါတယ်။
မေး ။ ။ မနေ့က ခရီးသည်တင်လေယာဉ်ကို ပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး KNPP က ငြင်းဆိုနေတာကို တွေ့ရပါတယ်။ ဒီလိုရက်စက်ယုတ်မာတဲ့လုပ်ရပ်ဟာ ရာဇဝတ်မှုဖြစ်ပြီး ဘယ်နိုင်ငံက မှလည်း လက်ခံနိုင်စရာအကြောင်း မရှိပါဘူး။ ဒီအပေါ်မှာ တပ်မတော် ရဲ့ သဘောထားကို သိလိုပါတယ်။
ဖြေ ။ ။ သူတို့ကတော့ အကြမ်းဖက်အဖွဲ့တွေပီပီ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိမှာမဟုတ်ပါဘူး။ မနေ့ကလည်း ကျွန်တော်ပြောခဲ့ပြီးပါပြီ။ ပထမဆုံး ဦးဆုံးအဲဒီဘက်မှာဖြစ်ခဲ့တဲ့ အချို့သော သမိုင်းကြောင်းလေး တွေကို ကြည့်ရင်တောင် သိသာပါတယ်။ ဒီ KNPP နဲ့ PDF အကြမ်းဖက်သောင်းကျန်းသူတွေက ယခင်တုန်းက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမယ်ဆိုပြီး လွိုင်ကော်မြို့ထဲမှာ တိုက်ပွဲတွေ ဖန်တီးခဲ့တဲ့အတွက် ပြည်သူလူထု အမြောက်အမြားလည်း မြို့ပေါ်ကနေ ထွက်ပြေး တိမ်းရှောင်ခဲ့ရတာတွေ ရှိတယ်။ အခုနောက်ပိုင်းမှာ တပ်မတော် အနေနဲ့ ပြန်လည်တည်ငြိမ်အောင် လုပ်ဆောင်နေလို့ ပြည်သူတွေ အနေနဲ့ သူ့အရပ်နဲ့သူ နေနိုင်ခဲ့ပြီးဖြစ်တယ်။ လွိုင်ကော်မြို့ ဘေးပတ် ဝန်းကျင်နေရာတွေ၊ တချို့သော ရွာတွေမှာတော့ သူတို့တွေ ဝင်ထွက် သွားလာနေတာတွေရှိတယ်။ ဒါ့အပြင် လွိုင်ကော်လေဆိပ်ကို ယခင်တုန်းကလည်း ၁၀၇ မမ ဒုံးနဲ့ ပစ်ခတ်ခံခဲ့ရတာရှိတယ်။ သူတို့ကိုယ်တိုင်လည်း ထုတ်ပြန်ခဲ့တယ်။ သူတို့ပစ်ခတ်ခဲ့တယ်ဆိုပြီး ကြေညာချက်ထုတ်ထားတာတွေ ရှိတယ်။ ခရီးသည်တင်လေယာဉ်ကို ပစ်ခတ်တယ်ဆိုတာ နိုင်ငံတကာမှာ ဘယ်နိုင်ငံကမှ၊ ဘယ်အဖွဲ့အစည်း ကမှလက်မခံတဲ့ ကြီးမားတဲ့ရာဇဝတ်မှုမျိုးဖြစ်တဲ့အတွက် သူတို့ အနေနဲ့ ငြင်းဆိုနေတာဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ ပြောလိုတာ ကတော့ ထိရောက်ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ကျွန်တော်တို့ ဒီလိုပြောပြီးတဲ့အခါမှာလည်း သူတို့ကိုယ် သူတို့ ကြီးမားတဲ့ရာဇဝတ်မှုကြီး ကျူးလွန်ထားတယ်ဆိုတာ သိတဲ့အတွက်ကြောင့် ဖုံးကွယ်နေတာဖြစ်တယ်။ ပြောချင်တာက သူတို့အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမယ်။ စုံစမ်းစစ်ဆေးမှု ပြုရမယ်။ စုံစမ်းစစ်ဆေးမှုမပြုဘဲနဲ့ ဒါမျိုး မျက်စိပိတ်၊ နားပိတ်ပြီး ငြင်းဆိုနေလို့ မရဘူး။ သူတို့ရဲ့အောက်ခြေမှာရှိတဲ့ တပ်တွေ၊ သူတို့ ထိန်းကွပ်ထားတဲ့၊ သူတို့ အကြမ်းဖက်ပညာသင်ပေးထားတဲ့ PDF ဆိုတဲ့ ကောင်တွေ၊ ဒါတွေလုပ်ခဲ့ မလုပ်ခဲ့ဆိုတာတွေကို သူတို့အနေနဲ့ စနစ်ကျတဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီးမှ ပြောလို့ရမယ်။ စနစ်ကျတဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ လိုအပ်တယ်။ ကျွန်တော်တို့ သိထားသမျှ၊ ရှိထားသမျှ အချက်အလက်တွေကတော့ ဒီလုပ်ရပ်ကို KNPP နဲ့ PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့တွေမှအပ ကျန်တဲ့လူ လုပ်စရာအကြောင်း မရှိဘူးလို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမယ်။ စုံစမ်းစစ်ဆေးမှု လုပ်ရမယ်။ မျက်စိပိတ်၊ နားပိတ်ပြီး ငြင်းဆိုနေလို့မရဘူးလို့ ပြောချင်ပါတယ်။