
သီဟစည်သူ
“နင့်အသက်တစ်ခါလွှတ်၊ ငါ့အသက် ဆယ်ခါလွတ်”။ မွေးနေ့၊ အခါကြီးရက်ကြီးတွင် ကုသိုလ်ပြု ငှက်လွှတ်သူတစ်ဦး၏နှုတ်မှ ဆုတောင်းစကားသံဖြစ်သည်။ လက်မှ ဝမ်းဗိုက်အဝါရောင်နှင့် မီးခိုးရောင်ကျောပြင်ရှိသည့် စာငှက်ကလေးများကို လွှတ်ပေးရင်း ရေရွတ်လိုက်ခြင်းဖြစ်သည်။ သူလွှတ်လိုက်သော ငှက်ကလေးသည် မြန်မာနိုင်ငံတွင် မျိုးသုဉ်းရန်အန္တရာယ် အလွန်နီးကပ်နေ သည့် ရှားပါးလှသည့် စာဝါကျားငှက်လေးဖြစ်သည်ဆိုသည်ကိုတော့ သိပါလေစ။
အဆိုပါ စာဝါကျားငှက်ကလေးများ သည် စာကလေးမျိုးနွယ်ဝင် ငှက်မျိုးစိတ် တစ်ခုဖြစ်ပြီး အာရှတိုက်မြောက်ပိုင်း၊ ရုရှားနိုင်ငံတို့တွင် တွေ့ရှိရလေ့ရှိသည်။ ယင်းငှက်ကလေးများသည် အလျား ၁၄ မှ ၁၆ စင်တီမီတာ၊ ခြောက်လက်မခန့် အရွယ်အစားရှိပြီး အလေးချိန် ၀ ဒသမ ၆ မှ ၀ ဒသမ ၉ အောင်စခန့်ရှိကာ တိုတုတ်သည့် ခန္ဓာကိုယ်အချိုးအစား ရှိသော ငှက်မျိုးစိတ်ဖြစ်သည်။ ၎င်း ငှက်ကလေးများကို လက်တင်ဘာသာ ဖြင့် Emberiza Aureola “ရွှေရောင် သန်းသော စာကလေး” ဟု ချစ်စနိုး ခေါ်ဝေါ်ကြသည်။
ဆောင်းခိုငှက်မျိုးစိတ်
စာဝါကျားငှက်များသည် ဆောင်းခိုငှက်မျိုးစိတ်တစ်မျိုးဖြစ်ပြီး ဥရောပနိုင်ငံ အရှေ့ဘက်ခြမ်းတို့တွင် ဥ ဥသားပေါက် ကာ ဆောင်းရာသီသို့ ရောက်သောအခါ အရှေ့အာရှ - ဩစတြေးလျ ဆောင်းခို ငှက်များ ပျံသန်းရာလမ်းကြောင်း ကို အသုံးပြု၍ အာရှနိုင်ငံများသို့ အုပ်စု လိုက် ဆောင်းခိုနေထိုင်ကျက်စားရန် လာရောက်လေ့ရှိသော ငှက်မျိုးစိတ်ဖြစ် သည်။
စာဝါကျား ငှက်ကလေးများသည် အုပ်စုလိုက် ရွှေ့ပြောင်းသွားလာကြပြီး မြန်မာနိုင်ငံသို့ အောက်တိုဘာလခန့်တွင် ဆောင်းခိုရန် စတင်ဝင်ရောက်ကြပြီး အောက်တိုဘာလမှ ဧပြီလအထိ ခြောက် လကြာ နေထိုင်တတ်ကြသည်။ မြန်မာ နိုင်ငံတွင် စပါးပင်နှင့် ရေစပ်စပ်ရှိနေသော ရေဝပ်ဒေသများတွင် အများဆုံး နေထိုင် တတ်ကြသည့် အဆိုပါ စာဝါကျားငှက် (Yellow-Breasted Bunting) မျိုးစိတ် ကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ်အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့ ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)မှ သိရသည်။
အဆိုပါ ငှက်မျိုးစိတ်ကို တစ်ကမ္ဘာ လုံးအတိုင်းအတာဖြင့် ၂ဝဝ၄ ခုနှစ်က အကောင်ရေ နှစ်သိန်းခန့် တွေ့ရှိနိုင် သော်လည်း ၂ဝ၁၇ ခုနှစ်တွင် အကောင် ရေ ၁၂ဝ မှ ၆ဝဝ ကြားသာ တွေ့နိုင်တော့ သဖြင့် မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ်အဖြစ် တိုးမြှင့်သတ်မှတ်ကာ ဥပဒေဖြင့် အကာအကွယ်ပေး ထိန်းသိမ်း ရန် ဆောင်ရွက်လျက်ရှိသည်။
မှတ်တမ်းတင်ထား
အဆိုပါ စာဝါကျားငှက်မျိုးစိတ်ကို ၂ဝ၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ၆၁ ကောင်၊ ပုဂံတွင် ၁ဝ ကောင်ကျော် မှတ်တမ်းတင်ထားနိုင်ပြီး ရှမ်းပြည်နယ် တွင် အင်းလေးဒေသနှင့် ကလောဒေသ၊ ကချင်ပြည်နယ်တွင် အင်းတော်ကြီးဒေသ၊ ချင်းပြည်နယ် နတ်မတောင် ဒေသနှင့် အခြားဒေသအချို့တွင်လည်း တွေ့ရှိနိုင် ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်)၏ မှတ်တမ်းများ အရ သိရသည်။
စာဝါကျားငှက်မျိုးစိတ်ကို ၂ဝ၁၃ ခုနှစ်မှစ၍ မျိုးသုဉ်းရန် အန္တရာယ်ရှိသော မျိုးစိတ် (Endangered Species) အဖြစ် သတ်မှတ်ထားခဲ့ပြီး ငါးနှစ်ခန့်အကြာတွင် ယခုကဲ့သို့ မျိုးသုဉ်းရန် နီးကပ်လာသည့် အန္တရာယ်အဆင့် တစ်ဆင့်တက်လာခြင်း ဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ မှ သိရသည်။
လျော့နည်းကျဆင်း
ထို့ကြောင့် ၂၀၀၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိကာလအတွင်း စာဝါကျားငှက် အကောင်အရေအတွက် ၉၀ ရာခိုင်နှုန်း ခန့်နှင့် နေထိုင်ကျက်စားရာနေရာများ ၅၀၀၀ စတုရန်း ကီလိုမီတာခန့် လျော့နည်းကျဆင်းလာခြင်းတို့ကြောင့် မျိုးသုဉ်းရန်အန္တရာယ် အလွန်နီးကပ် နေသော ငှက်မျိုးစိတ်တစ်မျိုး (Critically Endangered Species) အဖြစ် သတ်မှတ် ခံခဲ့ရခြင်းဖြစ်သည်။
အရှေ့တောင်အာရှ နိုင်ငံများတွင် ဆောင်းခိုရန် လာရောက်ကြသည့် စာဝါ ကျားငှက်မျိုးစိတ်များကို ဆောင်းခိုရာ လမ်းကြောင်းတစ်လျှောက်ရှိ ဆောင်းခို ကျက်စားရာနေရာများတွင် ငှက်ဖမ်း ကိရိယာများ၊ ထောင်ချောက်များဖြင့် ငှက်မုဆိုးများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်း ကို ခံရလျက်ရှိသည်။ အဆိုပါ ငှက်ဖမ်း ကိရိယာများဖြင့် ဖမ်းယူရရှိသော စာဝါ ကျား ငှက်ကလေးများကို လှောင်ချိုင့်များ အတွင်း မွေးမြူခြင်း၊ ငှက်ကြော်အဖြစ် စားသုံးရန် ရောင်းချခြင်း၊ မိရိုးဖလာ ငှက်လွှတ်ခြင်းဓလေ့များကြောင့် ငှက် အကောင်အရေအတွက်များမှာ အလွန် အမင်း လျော့နည်းကျဆင်းလာလျက် ရှိကြောင်း သိရသည်။
လုံးဝကာကွယ်ထား
စာဝါကျားငှက်မျိုးစိတ် အကောင် အရေအတွက်များ လျော့ကျလာမှုကို ဟန့်တားနိုင်ရေးနှင့် နေထိုင်ကျက်စား ရာ နေရာများထိန်းသိမ်းရန်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊သစ်တော ဦးစီးဌာနက စာဝါကျားငှက်များကို ဥပဒေအရ လုံးဝကာကွယ်ထားသည့် ငှက်မျိုးစိတ်တစ်မျိုးအဖြစ် သတ်မှတ် ထားသည်။
အဆိုပါ ဥပဒေဖြင့် လုံးဝကာကွယ် ထားသည့် မျိုးသုဉ်းရန် အန္တရာယ်ရှိ တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ အနာတရဖြစ်စေခြင်းတို့ ကို ပြုလုပ်ပါက ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝနယ်မြေများ ကာကွယ်စောင့် ရှောက်ခြင်းဆိုင်ရာ ပုဒ်မ (၄၁) အရ ထောင်ဒဏ် သုံးနှစ်မှ ၁၀ နှစ်အထိ ချမှတ် မည့်အပြင် ငွေဒဏ် ၁၀ သိန်းအထိလည်း ချမှတ်နိုင်သည်ဟု ဥပဒေပြဋ္ဌာန်း အကာ အကွယ် ပေးထားသည်။
လျင်မြန်စွာကျဆင်း
မြန်မာနိုင်ငံတွင်လည်း ယင်းကဲ့သို့ အကောင်ရေ လျင်မြန်စွာကျဆင်းလာ သော စာဝါကျားငှက်မျိုးစိတ်ကို မျိုးမသုဉ်းစေရန်၊ ထိန်းသိမ်းရေးလုပ်ငန်း များ ဆောင်ရွက်ရန် အရေးတကြီးလိုအပ် နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ ဒေသမျိုးရင်းများနှင့် လာရောက် ပြောင်းရွှေ့ခိုလှုံကြသည့် တောရိုင်း တိရစ္ဆာန်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ပုဂ္ဂလိက အကျိုးအမြတ်အတွက်သာ မကြည့်ဘဲ ဖမ်းဆီးခြင်း၊ ရောင်းချခြင်း၊ သတ်ဖြတ်စားသောက်ခြင်းများ မပြုကြ ခြင်းဖြင့် ဇီဝမျိုးစုံ ဖွံ့ဖြိုးလာစေရေး အသိသတိဖြင့် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။
- Log in to post comments